ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ မီးပုံမှန်မလာတာကြောင့် ရန်ကုန်အလုပ်သမားတွေ ငပိရည်တို့စရာသာ ဝယ်စားနေရ
ရန်ကုန်မှာ ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာနဲ့ လျှပ်စစ်မီး ပုံမှန်မလာတာကြောင့် နေ့စားအလုပ်သမားတွေ၊ လစာစားဝန်ထမ်းတွေနဲ့ အထည်ချုပ်စက်ရုံအလုပ်သမားတွေဟာ ဟင်းချက်စားဖို့ အခက်အခဲဖြစ်လာပြီး ငပိရည်နဲ့ တို့စရာကိုသာ အဓိက ဝယ်စားနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
ကုန်ဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်လာတာကြောင့် မိသားစုဝင်များတဲ့ အိမ်ထောင်စုတွေမှာ ဟင်းချက်စရာတွေ ဝယ်ယူဖို့ မတတ်နိုင်တော့ဘဲ ထမင်းကိုသာ အဓိကချက်ပြီး ငပိရည်နဲ့ တို့စရာကို တွဲဖက်စားသောက်နေရတယ်လို့ နေ့စားအလုပ်သမားတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ဟင်းဝယ်ချက်စားရင် တစ်သောင်းကျော် ကုန်မယ်။ မိသားစုများရင် မလောက်ဘူး။ ငပိရည်ဖိုး ၁,၀၀၀၊ တို့စရာအစုံ ၁,၅၀၀ ဖိုးဆို ကြက်ဥ ၂ လုံးလောက်ပါ ထပ်ဝယ်ပြီး မိသားစုတွေ ညမနက် စားလို့ရတယ်” လို့ သူက ပြောပါတယ်။
တစ်လ လစာ ၄ သိန်းရတဲ့ အစိုးရဝန်ထမ်းတစ်ဦးကလည်း လစာနဲ့ အသုံးစရိတ်ကို မျှတအောင် သုံးစွဲနေပေမဲ့ မလုံလောက်တာကြောင့် တချို့ရက်တွေမှာ ဟင်းမချက်နိုင်ဘဲ ငပိရည်နဲ့ တို့စရာသာ စားနေရတယ်လို့ ဆိုပါတယ်။
“တစ်လ ၄ သိန်းရတဲ့ အစိုးရဝန်ထမ်းတစ်ယောက်က ၄,၀၀၀ တန် ဟင်းဝယ်စားမယ်ဆိုရင် တစ်လ ၁၂၀,၀၀၀ ကုန်မယ်။ ဆီက အနည်းဆုံး ၂ ပိဿာအတွက် ၅၀,၀၀၀၊ အိမ်လခက ၁၂၀,၀၀၀ ဆိုတော့ ဒီသုံးခုနဲ့တင် ၃ သိန်းနီးပါး ကျတယ်။ ဒါကြောင့် တချို့ရက်တွေမှာ ဟင်းချက်မစားနိုင်ဘူး၊ ငပိရည်နဲ့ပဲ စားရတယ်” လို့ သူက ပြောပါတယ်။
အထည်ချုပ်စက်ရုံအလုပ်သမားတွေမှာလည်း လျှပ်စစ်မီး ပုံမှန်မလာတာကြောင့် အိမ်မှာ ဟင်းချက်ဖို့ အခက်အခဲရှိနေပြီး အပြင်ကနေ ဟင်းဝယ်စားဖို့လည်း ဈေးကြီးလာတာကြောင့် ငပိရည်နဲ့ တို့စရာကိုသာ အများစု ဝယ်စားနေရတယ်လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။
“မီးပေးစနစ်က အလှည့်ကျဆိုပေမဲ့ လာချင်သလို လာနေတော့ ဟင်းမချက်နိုင်ဘူး။ မချက်နိုင်လို့ ဝယ်စားမယ်ဆိုတော့လည်း ဟင်းတစ်ပွဲကို ၂,၅၀၀၊ ၃,၀၀၀ ဆိုတော့ ၅၀၀ နဲ့ ၁,၀၀၀ လောက်ပဲရှိတဲ့ ငပိရည်၊ တို့စရာကိုပဲ အများစုက ဝယ်စားကြတာ” လို့ သူက ပြောပါတယ်။
စစ်အာဏာမသိမ်းခင်က အိမ်တစ်အိမ်ရဲ့ တစ်နေ့တာ စားဝတ်နေရေးအတွက် ၅,၀၀၀ ကျပ်ကနေ ၁၀,၀၀၀ ကျပ်ဝန်းကျင်နဲ့ ဖြေရှင်းနိုင်ခဲ့ပေမဲ့ အခုအခါ တစ်နေ့တာ ကုန်ကျစရိတ် ၃၀,၀၀၀ ကျပ်လောက်ရှိမှ မိသားစုစားဝတ်နေရေးကို ဖြေရှင်းနိုင်တဲ့ အခြေအနေဖြစ်လာတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံ – CJ Platform
