၂၂ ရက်အတွင်း ရခိုင်နဲ့ ပလက်ဝမှာ စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅၅ ဦးထက်မနည်း သေဆုံးပြီး ၁၂၈ ဦးခန့် ဒဏ်ရာရ
နိုဝင်ဘာ ၁ ရက်ကနေ ၂၂ ရက်အထိ ၂၂ ရက်တာကာလအတွင်း ရခိုင်ပြည်က မြို့နယ်တွေနဲ့ ချင်းပြည်၊ ပလက်ဝမြို့နယ်တို့ကို စစ်အုပ်စုက အကြိမ်ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ စစ်ဘေးရှောင်တွေ အပါအဝင် အရပ်သားပြည်သူ ၅၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၂၈ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြေပြင်သတင်းအချက်အလက်တွေနဲ့ အာရက္ခတပ်တော်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုတွေမှာ စစ်အုပ်စုက ဂျက်တိုက်လေယာဉ်၊ Y-12 လေယာဉ်၊ ဂျိုင်ရိုကော်ပတာနဲ့ ဒရုန်းတွေကို အသုံးပြုပြီး စစ်ရေးနဲ့မသက်ဆိုင်တဲ့ ကျေးရွာတွေ၊ စစ်ဘေးရှောင်စခန်းတွေ၊ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဆေးကုခန်းတွေနဲ့ သွားလာရေးတံတားတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေထဲမှာ အရပ်သားသေဆုံးမှုနဲ့ ဒဏ်ရာရရှိမှု အများဆုံးဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေထဲက တစ်ခုကတော့ နိုဝင်ဘာ ၁၄ ရက်က ချင်းပြည်၊ ပလက်ဝမြို့နယ်၊ သူဌေးကုန်းကျေးရွာအနီး ဖြစ်စဉ်ဖြစ်ပါတယ်။ အဲဒီနေရာကို ပေါင် ၅၀၀ ဗုံးတွေအပါအဝင် ဗုံးအလုံးရေ ၅၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ ကိုယ်ဝန် ၅ လရှိ အမျိုးသမီးတစ်ဦး အပါအဝင် စစ်ဘေးရှောင် ၁၂ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အလားတူ ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှာလည်း နိုဝင်ဘာ ၁၃ ရက်က ယိုးငူနဲ့ သရက်ချိုကျေးရွာကြားရှိ ဗျာလစစ်ဘေးရှောင်စခန်းကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင် ၁၂ ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီစခန်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်ကလည်း ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး လူ ၆ ဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါ့အပြင် နိုဝင်ဘာ ၁၆ ရက်မှာလည်း ကွမ်းတောင်ကျေးရွာအနီး ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပါတယ်။
မြောက်ဦးမြို့နယ်အတွင်းမှာလည်း နိုဝင်ဘာ ၁ ရက်၊ ၅ ရက်၊ ၁၂ ရက်နဲ့ ၂၀ ရက်တွေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အပါအဝင် အရပ်သား ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး နန်းကျားရွာနဲ့ ကြက်ဈေးရပ်ကွက်တို့မှာ အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် လူ ၂၀ ဒဏ်ရာရရှိခဲ့ပါတယ်။
ပေါက်တောမြို့နယ်မှာလည်း နိုဝင်ဘာ ၁ ရက်၊ ၂၀ ရက်နဲ့ ၂၂ ရက်တွေမှာ နန်းတက်ကျွန်း၊ သဝင်ချောင်းနဲ့ ဓားကိုင်ကျေးရွာတို့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပါတယ်။ အဲဒီဖြစ်စဉ်တွေကြောင့် ၅ လသားအရွယ် ကလေးငယ်တစ်ဦး အပါအဝင် အနည်းဆုံး ၄ ဦး သေဆုံးခဲ့ပြီး ၁၀ နှစ်အောက် ကလေးငယ် ၄ ဦး အပါအဝင် ၁၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။
အခြားမြို့နယ်တွေဖြစ်တဲ့ ကျောက်ဖြူမြို့နယ်က စနဲမင်းပြင် စစ်ဘေးရှောင်စခန်းနဲ့ စနဲမြို့၊ တောင်ငူစုရပ်ကွက်၊ သံတွဲမြို့နယ်က GTI ကျောင်းအနီး၊ ကျောက်တော်မြို့နယ်က မျှာလီကန်ကျေးရွာ၊ စိုက်ပျိုးရေးသိပ္ပံကျောင်းနဲ့ ကန်စောက်တောင်အနီး၊ ရမ်းဗြဲမြို့နယ်နဲ့ အမ်းမြို့နယ်၊ အဉ္ဇနပူရဒေသတို့ကိုလည်း စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာနဲ့ တံတားတွေကို မိုင်းခွဲဖျက်ဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကြောင့် ကျောင်းထိုင်ဆရာတော်တစ်ပါး အပါအဝင် အရပ်သားတွေ သေဆုံး၊ ဒဏ်ရာရရှိခဲ့သလို လူနေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဆေးကုခန်းတွေနဲ့ တံတားတွေလည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
မြေပြင်သတင်းအချက်အလက်တွေအရ နိုဝင်ဘာ ၁ ရက်ကနေ ၂၂ ရက်အထိ ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်တစ်ဝန်းက မြို့၊ ရွာတွေရှိ စစ်ရေးနဲ့မသက်ဆိုင်တဲ့ နေရာတွေကို စစ်အုပ်စုက လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၅၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၂၈ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
