ဆေးရုံဆင်းပြီးနောက် Orchid ဟိုတယ်ပိုင်ရှင် ဦးဌေးအောင် အမှုသွားဖွင့်
ပုဇွန်တောင်မြို့နယ်၊ ၅၄ လမ်း ဗလီရှေ့မှာ ရိုက်နှက်ခံခဲ့ရတဲ့ Orchid ဟိုတယ်ပိုင်ရှင် ဦးဌေးအောင်ဟာ သူ့ကို ရိုက်နှက်ခဲ့သူတွေကို အရေးယူပေးဖို့ နိုဝင်ဘာ ၁၉ ရက်မှာ ပုဇွန်တောင်ရဲစခန်းကို သွားရောက်အမှုဖွင့်ခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ရန်ကုန်ဆေးရုံကြီးက ဆင်းသွားပြီးနောက် အမျိုးသားရေးလှုပ်ရှားသူတစ်ဦးရဲ့ အကူအညီနဲ့ ပုဇွန်တောင်ရဲစခန်းမှာ အမှုသွားဖွင့်ခဲ့တာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“သူ အမှုသွားဖွင့်တာ သူ့နောက်က လိုက်မယ့်သူမရှိဘူး။ မဘသတစ်ယောက်ကို အကူအညီတောင်းပြီး ရဲစခန်းမှာ အမှုလာဖွင့်တာ။ စခန်းက စိတ်ချမ်းသာအောင် အမှုဖွင့်ပေးလိုက်တယ်” လို့ သူက ပြောပါတယ်။
နိုဝင်ဘာ ၁၈ ရက် နေ့လယ် ၁ နာရီခွဲက ပုဇွန်တောင်မြို့နယ်၊ ၂ ရပ်ကွက်၊ ၅၄ လမ်းရှိ ဗလီရှေ့မှာ Orchid ဟိုတယ်ပိုင်ရှင် ဦးဌေးအောင်ဟာ လူအုပ်စုတစ်စုနဲ့ စကားများပြီး ရိုက်နှက်ခံခဲ့ရတာကြောင့် ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ခဲ့ရပါတယ်။
အမှုဖွင့်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပုဇွန်တောင်မြို့ခံတစ်ဦးက “ဦးဌေးအောင်က သူ့ကို ရိုက်ခဲ့တဲ့သူတွေကို ရဲစခန်းက ဖမ်းမိသွားပြီလို့ လူတကာကို လိုက်ပြောနေတယ်။ အရှက်ပြေပြောတာ ဖြစ်မယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဖမ်းမိတဲ့သတင်း အခုချိန်ထိ မကြားသေးဘူး” လို့ ပြောပါတယ်။
Orchid ဟိုတယ်ပိုင်ရှင် ဦးဌေးအောင်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို လူမှုကွန်ရက်ပေါ်မှာ ဝေဖန်ဆဲဆိုခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။
ဒါ့အပြင် စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်မှာ Orchid News Agency သတင်းဌာနကို တည်ထောင်ခဲ့ပြီး ကိုယ်တိုင် အယ်ဒီတာချုပ်အဖြစ် တာဝန်ယူကာ TikTok စာမျက်နှာမှာ Live လွှင့်ပြီး သတင်းတွေ ပြောဆိုနေသူလည်း ဖြစ်ပါတယ်။
