ICJ စီရင်ချက်အကောင်အထည်ဖော်ရာမှာ ရိုဟင်ဂျာအသိုင်းအဝိုင်းနဲ့ ULA/AA တို့ ပါဝင်ဖို့ KNU တောင်းဆို
၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်မြောက်ပိုင်းရှိ ရိုဟင်ဂျာတွေအပေါ် စစ်အုပ်စုတပ်ရဲ့ စစ်ဆင်ရေးတွေမှာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က နိုဝင်ဘာ ၁၉ ရက်မှာ စီရင်ဆုံးဖြတ်ခဲ့တာကို ကြိုဆိုကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင်ကော်မတီက ဒီကနေ့ နိုဝင်ဘာ ၂၀ ရက်မှာ သဘောထားထုတ်ပြန်ပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှုဖြစ်စေတဲ့ လုပ်ရပ်တွေနဲ့ ရိုဟင်ဂျာတွေကို အလုံးစုံ ဒါမှမဟုတ် တစ်စိတ်တစ်ပိုင်း ဖျက်ဆီးပစ်ဖို့ အထူးရည်ရွယ်ချက်ရှိခဲ့ကြောင်း တရားရုံးရဲ့ တွေ့ရှိချက်တွေကို ထောက်ခံကြောင်းနဲ့ အမှုကို တစိုက်မတ်မတ် စွဲဆိုဆောင်ရွက်ခဲ့တဲ့ ဂမ်ဘီယာနိုင်ငံကို ကျေးဇူးတင်ကြောင်း KNU က ဖော်ပြထားပါတယ်။
ဒါ့အပြင် လူမျိုးတုံးသတ်ဖြတ်မှုအတွက် မြန်မာနိုင်ငံမှာ နိုင်ငံတော်အဆင့် တာဝန်ရှိကြောင်း တရားရုံးရဲ့ ဆုံးဖြတ်ချက်မှာ ၂၀၁၇ ခုနှစ် စစ်အုပ်စုတပ်ရဲ့ စစ်ဆင်ရေးတွေက အဓိကကျခဲ့ပြီး လက်ရှိအချိန်မှာလည်း အဲဒီစစ်အုပ်စုရဲ့ အုပ်ချုပ်မှုအောက်မှာ ဆက်လက်ရှိနေဆဲဖြစ်တာကြောင့် စီရင်ချက်ကို အကောင်အထည်ဖော်ရာမှာ လွတ်လပ်စွာ စောင့်ကြည့်စစ်ဆေးနိုင်ရေးဟာ အထူးအရေးကြီးကြောင်း KNU က ထောက်ပြပါတယ်။
အထူးသဖြင့် သက်သေအထောက်အထားတွေ ထိန်းသိမ်းဖို့၊ အသက်ရှင်ကျန်ရစ်သူတွေနဲ့ သက်သေတွေကို ကာကွယ်ဖို့၊ ယုံကြည်လက်ခံနိုင်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး ခိုင်လုံပါက တရားစွဲဆိုနိုင်ဖို့ လိုအပ်ကြောင်း KNU က ဆိုပါတယ်။ စီရင်ချက်အကောင်အထည်ဖော်ရာမှာ ဆုံးရှုံးခဲ့တဲ့ အခွင့်အရေးတွေ ပြန်လည်ရရှိရေး၊ နစ်နာမှုတွေအတွက် လျော်ကြေးပေးရေး၊ အလားတူကျူးလွန်မှုတွေ ထပ်မံမဖြစ်ပွားရေး အာမခံချက်တွေနဲ့ ရိုဟင်ဂျာတွေ မိမိဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာ၊ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ခွင့်တို့ ပါဝင်ရမယ်လို့လည်း ဖော်ပြထားပါတယ်။
အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာမိတ်ဖက်တွေအနေနဲ့ ICJ စီရင်ချက်ကို အကောင်အထည်ဖော်နိုင်ဖို့ ကူညီထောက်ပံ့ပေးဖို့နဲ့ အရပ်သားတွေကို ကာကွယ်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေရရှိရေး၊ နစ်နာမှုတွေအတွက် ကုစားမှုရရှိရေးတို့ ဆောင်ရွက်ရာမှာ ရိုဟင်ဂျာအသိုင်းအဝိုင်းတွေ၊ သက်ဆိုင်ရာအာဏာပိုင်တွေ၊ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) နဲ့ အာရက္ခတပ်တော် (AA) တို့နဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့ KNU က တိုက်တွန်းထားပါတယ်။
တစ်ဆက်တည်းမှာပဲ KNU အနေနဲ့ ရိုဟင်ဂျာတွေရဲ့ တန်းတူညီမျှတဲ့ နိုင်ငံသားဖြစ်ခွင့်၊ ရိုဟင်ဂျာအဖြစ် မိမိတို့ကိုယ်ကို သတ်မှတ်ဖော်ထုတ်ခွင့်နဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်ဆုံးဖြတ်ချက်တွေမှာ ပါဝင်ခွင့်တို့ကို ထပ်လောင်းအတည်ပြုထားပါတယ်။ ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် ရိုဟင်ဂျာကိုယ်စားလှယ်တွေနဲ့ တိုက်ရိုက်လုပ်ဆောင်ဖို့ အသင့်ရှိကြောင်းလည်း အသိပေးထားပါတယ်။
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ စစ်အုပ်စုတပ်ဟာ လက်ရှိမှာလည်း နိုင်ငံတစ်ဝန်းရှိ ပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ဆက်လက်ကျူးလွန်နေဆဲဖြစ်တာကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ မြန်မာနိုင်ငံရှိ ပြည်သူအားလုံး တရားမျှတမှုရရှိရေးအတွက် အတူတကွ ဆက်လက်ကြိုးပမ်းသွားမယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တင်သွင်းထားတဲ့ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာအမှုကို နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့ရှိ ICJ မှာ နိုဝင်ဘာ ၁၉ ရက်က စီရင်ချက်ဖတ်ကြားခဲ့တာဖြစ်ပါတယ်။ တရားရုံးက ၂၀၁၇ ခုနှစ် စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်းနဲ့ မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်ပါ တာဝန်တွေကို ချိုးဖောက်ခဲ့ကြောင်း တရားသူကြီး ၉ ဦး ထောက်ခံပြီး ၆ ဦး ကန့်ကွက်တဲ့ မဲခွဲဆုံးဖြတ်ချက်နဲ့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
