ထိုင်းရောက် မြန်မာဒုက္ခသည် ၄,၅၀၀ ဦးကို အလုပ်အကိုင်သင်တန်းပေးဖို့ ဂျပန် ယန်း ၄၇၈ သန်း ထောက်ပံ့

Author CJ Platform
Categories
Published on Nov 20, 2026

ဂျပန်အစိုးရနဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) တို့ဟာ ထိုင်းနိုင်ငံမှာ နေထိုင်နေတဲ့ မြန်မာဒုက္ခသည်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးချဲ့ပေးနိုင်ဖို့ နှစ်နှစ်ကြာ စီမံကိန်းတစ်ခုကို သဘောတူခဲ့ပြီး ဂျပန်အစိုးရက ယန်း ၄၇၈ သန်း (အမေရိကန်ဒေါ်လာ ၃ သန်းခန့်) ထောက်ပံ့သွားမှာဖြစ်ပါတယ်။

 

အဲဒီစီမံကိန်းအတွက် သဘောတူညီချက်ကို ဂျပန်နိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး မာဆာတို အိုတာကာ (Masato Otaka) နဲ့ ILO ထိုင်း၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံဆိုင်ရာရုံး ညွှန်ကြားရေးမှူး ရှောင်ယန်ချန် (Xiaoyan Qian) တို့က နိုဝင်ဘာ ၁၇ ရက်မှာ ဘန်ကောက်မြို့၌ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

 

“မြန်မာနိုင်ငံမှ ရွှေ့ပြောင်းခိုလှုံလာသူတွေအတွက် အလုပ်အကိုင်အထောက်အပံ့စနစ် အားကောင်းလာစေရေး” (Strengthening Employment Support System for Displaced Persons from Myanmar) လို့ အမည်ပေးထားတဲ့ အဲဒီစီမံကိန်းကို ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ရဲ့ ရန်ပုံငွေနဲ့ ဆောင်ရွက်မှာဖြစ်ပြီး ILO က ထိုင်းအလုပ်သမားဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့နဲ့ ပူးပေါင်းအကောင်အထည်ဖော်မှာဖြစ်ပါတယ်။

 

စီမံကိန်းအရ မြန်မာဒုက္ခသည်တွေနဲ့ သူတို့ရဲ့ မိသားစုဝင် ၄,၅၀၀ ဦးကို အလုပ်မဝင်မီ ကြိုတင်လေ့ကျင့်သင်တန်းတွေ ပေးသွားမှာဖြစ်ပြီး ဒုက္ခသည်စခန်းတွေအတွင်း သင်တန်းပို့ချသူတွေ မွေးထုတ်ပေးတာ၊ အလုပ်အကိုင်ရှာဖွေပေးရေးနဲ့ အလုပ်ရှင်တွေနဲ့ ချိတ်ဆက်ပေးရေးစနစ်တွေ အားကောင်းလာအောင် ဆောင်ရွက်တာတွေလည်း ပါဝင်ပါတယ်။

 

ဒါ့အပြင် ဂျပန်ကုမ္ပဏီတွေနဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းကွင်းဆက်တွေ အပါအဝင် ထိုင်းနိုင်ငံက အလုပ်ရှင်တွေထံ မြန်မာဒုက္ခသည်တွေကို အလုပ်ခန့်ထားဖို့ ချိတ်ဆက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အလုပ်ခွင်မှာ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတွေကို တိုင်ကြားဖြေရှင်းနိုင်မယ့် စနစ်နဲ့ အလုပ်ဝင်ပြီးနောက်ပိုင်း ဆက်လက်ကူညီပေးမယ့် အစီအစဉ်တွေလည်း ထည့်သွင်းထားပါတယ်။

 

စီမံကိန်းလုပ်ငန်းတွေကို ဒုက္ခသည်စခန်းတွေရှိတဲ့ တာ့ခ်၊ မယ်ဟောင်ဆောင်၊ ကန်ချနဘူရီနဲ့ ရတ်ချဘူရီပြည်တို့မှာ အဓိကဆောင်ရွက်မှာဖြစ်ပြီး  အလုပ်ရှင်တွေနဲ့ ချိတ်ဆက်ရေးလုပ်ငန်းတွေကိုတော့ အလုပ်သမားလိုအပ်ချက်များပြားပြီး ဂျပန်စီးပွားရေးလုပ်ငန်းတွေ အခြေစိုက်မှုရှိတဲ့ ချွန်ဘူရီ၊ ရယောင်းနဲ့ ကန်ချနဘူရီပြည်တို့မှာ အဓိကထား ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

 

ဂျပန်သံအမတ်ကြီး မာဆာတို အိုတာကာက မြန်မာဒုက္ခသည်တွေကို ယာယီခိုလှုံရေးစခန်းပြင်ပမှာ အလုပ်လုပ်ခွင့်ပြုခဲ့တဲ့ ထိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ အချိန်ကိုက်ပြီး ချီးကျူးထိုက်တဲ့ လုပ်ဆောင်ချက်ဖြစ်တယ်လို့ ပြောပါတယ်။

 

ယန်း ၄၇၈ သန်းတန် စီမံကိန်းဟာ ဒုက္ခသည်တွေ ကိုယ်ပိုင်ရပ်တည်နိုင်ရေးအတွက် လက်တွေ့ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်မှာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

 

ILO ညွှန်ကြားရေးမှူး ရှောင်ယန်ချန်ကလည်း ဒီစီမံကိန်းဟာ မြန်မာဒုက္ခသည်တွေကို ဘေးကင်းပြီး သင့်တင့်လျောက်ပတ်တဲ့ အလုပ်အကိုင်တွေ ရရှိစေဖို့ ကူညီပေးနိုင်သလို အလုပ်ရှင်တွေကိုလည်း လိုအပ်တဲ့ အလုပ်သမားတွေ ရရှိစေဖို့ အထောက်အကူပြုမယ်လို့ ပြောပါတယ်။

 

ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံက ပဋိပက္ခနဲ့ ဖိနှိပ်မှုတွေကြောင့် ထွက်ပြေးခိုလှုံလာသူတွေကို လက်ခံထားခဲ့တာ ဆယ်စုနှစ် ၄ ခုကျော်ရှိပြီဖြစ်ပြီး  လက်ရှိမှာ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ယာယီခိုလှုံရေးစခန်း ၉ ခုမှာ မြန်မာဒုက္ခသည် ၇၇,၀၀၀ ဝန်းကျင် နေထိုင်နေကြပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို အဓိကအားထားနေရပါတယ်။

 

ထိုင်းအစိုးရဟာ ၂၀၂၅ ခုနှစ် ဩဂုတ် ၂၆ ရက်မှာ ချမှတ်ခဲ့တဲ့ ဝန်ကြီးအဖွဲ့ဆုံးဖြတ်ချက်အရ သတ်မှတ်ထားတဲ့ ပြည်တွေမှာ မြန်မာဒုက္ခသည်တွေကို တရားဝင်အလုပ်လုပ်ခွင့်ပြုခဲ့ပါတယ်။ အဲဒီဆုံးဖြတ်ချက်ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီရန်ပုံငွေ လျော့နည်းလာမှုနဲ့ ထိုင်းနိုင်ငံအတွင်း အလုပ်သမားလိုအပ်ချက် မြင့်တက်လာမှုတွေကြားမှာ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

 

ဒါပေမဲ့ ဒုက္ခသည်တွေဟာ အလုပ်ဝင်ရောက်နိုင်ဖို့နဲ့ အလုပ်မှာ ဆက်လက်လုပ်ကိုင်နိုင်ဖို့အတွက် ဘာသာစကားအခက်အခဲ၊ လုပ်ငန်းအတွေ့အကြုံနည်းပါးမှုနဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရနိုင်ခြေ စတဲ့ အခက်အခဲတွေကို ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

 

ဂျပန်အစိုးရရဲ့ ဒီထောက်ပံ့မှုဟာ မြန်မာဒုက္ခသည်တွေ ကိုယ်ပိုင်ဝင်ငွေနဲ့ ရပ်တည်နိုင်ရေးကို အထောက်အကူပြုဖို့ ရည်ရွယ်ထားသလို အလုပ်သမားလိုအပ်ချက်ရှိနေတဲ့ ထိုင်းနိုင်ငံနဲ့ ထိုင်းနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ဂျပန်ကုမ္ပဏီတွေအတွက်လည်း အကျိုးရှိစေဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

 

Ref – ILO