တန်ဆောင်တိုင်ရုံးပိတ်ရက်အတွင်း ဆီပြတ်လပ်မှုမရှိစေဖို့ အရန်ဆီတွေ ကြိုတင်ထားရှိတယ်လို့ စစ်အုပ်စု ပြော၊ မြေပြင်မှာ ဆီဝယ်မရလို့ ဒုက္ခရောက်နေ

Author CJ Platform
Categories
Published on Nov 20, 2026

တန်ဆောင်တိုင်ပွဲတော် ရုံးပိတ်ရက်ကာလအတွင်း ခရီးသွားလာမှု များပြားနိုင်တာကြောင့် တစ်နိုင်ငံလုံးရှိ စက်သုံးဆီအရောင်းဆိုင်တွေမှာ ဆီပုံမှန်ဖြည့်တင်းထားပြီး အရန်ဆီတွေကိုလည်း ကြိုတင်စီမံထားတယ်လို့ စစ်အုပ်စုရဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

 

ခရီးသွားလာမှု များပြားနိုင်တဲ့ လမ်းကြောင်းတွေပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်တွေမှာ လိုအပ်တဲ့ဆီတွေကို အမြန်ဖြည့်တင်းရောင်းချနိုင်ဖို့ စီစဉ်ထားတယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။

 

အဲဒီလမ်းကြောင်းတွေမှာ ရန်ကုန်-ပဲခူး-နေပြည်တော်-မန္တလေး အမြန်လမ်း၊ ရန်ကုန်-ပုသိမ်-ချောင်းသာ-ငွေဆောင်လမ်း၊ သာစည်-ကလော-အင်းလေး-တောင်ကြီးလမ်း၊ မန္တလေး-မိတ္ထီလာ-ကျောက်ပန်းတောင်း-ပုပ္ပါး-ပုဂံလမ်း၊ မန္တလေး-ပြင်ဦးလွင်လမ်းနဲ့ ရန်ကုန်-ပဲခူး-မော်လမြိုင်လမ်းတို့ ပါဝင်တယ်လို့ သိရပါတယ်။

 

ဒါကြောင့် အများပြည်သူတွေအနေနဲ့ မြို့ကြီးတွေနဲ့ ခရီးလမ်းတစ်လျှောက်ရှိ စက်သုံးဆီအရောင်းဆိုင်တွေမှာ သတ်မှတ်ထားတဲ့ စည်းကမ်းတွေအတိုင်း ဝယ်ယူသုံးစွဲနိုင်တယ်လို့ ဝန်ကြီးဌာနက အသိပေးထားပါတယ်။

 

ဒါပေမဲ့ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်နဲ့ မြေပြင်အခြေအနေ ကွဲလွဲနေပြီး စက်သုံးဆီဝယ်ယူမရတာ၊ ဆိုင်အချို့က ခွဲတမ်းမရဘူးလို့ဆိုကာ သတ်မှတ်ဈေးနှုန်းနဲ့ ရောင်းချမပေးတာတွေ ရှိနေတယ်လို့ မော်တော်ယာဉ်လုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောပါတယ်။ ဒါ့အပြင် မှောင်ခိုဈေးကွက်မှာလည်း စက်သုံးဆီတွေကို ဈေးပိုပေးဝယ်ယူနေရတယ်လို့ ဆိုပါတယ်။

 

“ချောင်းသာသွားတယ်၊ ဆီမရလို့ တစ်ညထပ်အိပ်လိုက်ရတယ်။ လျှောက်ပြောနေတာ၊ တကယ်ကျ ဝယ်မရဘူး။ ဆိုင်တွေမှာ နောက်ပေါက်မှောင်ခိုဆိုရင် ရတယ်။ ခရီးဝေးသွားရင် အခုဆို ကိုယ့်ကားနဲ့ မသွားရဲဘူး။ လမ်းကြောင်းချိတ်ထားတဲ့ ကားတွေနဲ့ သွားမှ ဆီကရတာ” လို့ ရန်ကုန်မြို့ခံတစ်ဦးက ဝေဖန်ပါတယ်။

 

စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်အရ နိုဝင်ဘာ ၂၀ ရက်နေ့ ရန်ကုန်အခြေစိုက် စက်သုံးဆီဈေးနှုန်းတွေမှာ 92 တစ်လီတာ ၃,၈၁၅ ကျပ်၊ 95 တစ်လီတာ ၃,၈၈၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၄,၁၅၅ ကျပ်နဲ့ ပရီမီယံဒီဇယ်တစ်လီတာ ၅,၀၄၀ ကျပ် သတ်မှတ်ထားပါတယ်။

 

စက်သုံးဆီတွေကို လွယ်ကူစွာ ဝယ်ယူရရှိနိုင်တယ်လို့ စစ်အုပ်စုက ဝါဒဖြန့်ချိနေချိန်မှာပဲ  အခု နိုဝင်ဘာလအတွင်းမှာ မြေပြင်မှာ ဆီဝယ်မရလို့ တန်းစီနေတဲ့ မော်တော်ဆိုင်ကယ်တွေကို ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက်ပေါ် မျှဝေခဲ့တဲ့ လပွတ္တာမြို့ခံ လူငယ်တစ်ဦးကိုလည်း အမှုဖွင့်ဖမ်းဆီးထားပါတယ်။