QR Code မဖတ်ဘဲ စက်သုံးဆီ လီတာ နှစ်သောင်းခွဲနီးပါး  အလွဲသုံးစားရောင်းချခဲ့တယ်ဆိုတဲ့ DENKO ဝန်ထမ်း ၁၈ ဦးကို အမှုဖွင့်

Author CJ Platform
Categories
Published on Nov 21, 2026

ရန်ကုန်တိုင်း၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်ရှိ DENKO စက်သုံးဆီအရောင်းဆိုင်ခွဲမှာ သတ်မှတ်ထားတဲ့ QR Code / Barcode စနစ်အတိုင်း ရောင်းချခြင်းမပြုဘဲ စက်သုံးဆီ ၂၄,၉၀၃ လီတာကို အလွဲသုံးစားရောင်းချခဲ့တယ်ဆိုတဲ့ အရောင်းဝန်ထမ်း ၁၈ ဦးကို ရာဇသတ်ကြီးပုဒ်မ ၄၀၈/၁၁၄ နဲ့ အမှုဖွင့်ထားတယ်လို့  DENKO ဆီဆိုင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

 

အောက်တိုဘာ ၃၀ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ DENKO TRADING Co., Ltd ရဲ့ လက်ထောက်မန်နေဂျာ ဦးဟိန်းလတ်နဲ့ ရုံးချုပ်တာဝန်ရှိသူတွေဖြစ်တဲ့ ဦးအောင်ကျော်မိုး၊ ဦးသူရလတ်တို့ဟာ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ အမှတ် ၇ ရပ်ကွက်၊ ရန်ကုန်-ပုသိမ်လမ်းပေါ်ရှိ DENKO လက်လီအရောင်းဆိုင်ခွဲ (လှိုင်သာယာ ၁) ကို သွားရောက်စစ်ဆေးခဲ့ရာမှာ  အရောင်းဝန်ထမ်းတွေဟာ စက်သုံးဆီရောင်းချတဲ့အခါ သတ်မှတ်ထားတဲ့ QR Code / Barcode စနစ်နဲ့ ဖတ်ရှုရောင်းချတာမပြုဘဲ ဝယ်ယူသူတွေဆီက ကျသင့်ငွေထက် ပိုမိုကောက်ခံပြီး ကိုယ်ကျိုးအတွက် ငွေကြေးရယူရောင်းချနေကြောင်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

 

အဲဒီနေ့ တစ်ရက်တည်းမှာပဲ Octane 92 စက်သုံးဆီ ၂၄,၉၀၃ လီတာကို QR Code / Barcode မဖတ်ဘဲ ရောင်းချခဲ့တာဖြစ်ကြောင်း သိရပါတယ်။ 

 

အဲဒီလို စည်းမျဉ်းမဲ့ရောင်းချခဲ့တာကြောင့် စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရေးလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ကုမ္ပဏီကို ခွဲဝေချထားပေးမယ့် စက်သုံးဆီပမာဏမှာ အဆိုပါလီတာအရေအတွက်အတိုင်း လျော့နည်းသွားခဲ့ပြီး ပြန်လည်ထုတ်ယူခွင့် မရတော့တာကြောင့် ကုမ္ပဏီနစ်နာဆုံးရှုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

 

ကုမ္ပဏီတာဝန်ရှိသူတွေက အရောင်းဝန်ထမ်းတွေကို တစ်ဦးချင်းစီ စစ်ဆေးမေးမြန်းခဲ့ရာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလဝန်းကျင်ကတည်းက ခန့်အပ်တာဝန်ပေးထားတဲ့ ဝန်ထမ်း ၁၈ ဦးက စည်းမျဉ်းဖောက်ဖျက်ပြီး ကိုယ်ကျိုးအတွက် အလွဲသုံးစားရောင်းချခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။

 

အဲဒီဝန်ထမ်း ၁၈ ဦးမှာ ကိုငြိမ်းချမ်းသူ၊ ကိုထက်အောင်ဖြိုး၊ ကိုမင်းခန့်အောင်၊ မပြည့်ပြည့်ဝင်း၊ ကိုဇင်ကိုထွေး၊ ကိုနေလင်း၊ ကိုချစ်ကိုကို၊ ကိုအောင်ဂျွန်ညီ၊ ကိုဝေလင်းကျော်၊ ကိုစောထူးလယ်၊ ကိုဂျွန်ကိုကို၊ ကိုကောင်းထက်အောင်၊ ကိုဝေဟန်ထက်ဦး၊ ကိုရန်နိုင်ဖြိုး၊ ကိုနောင်နောင်၊ ကိုအောင်ကျော်ဦး၊ ကိုဟိန်းထက်အောင်နဲ့ ကိုဉာဏ်လင်းထက်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

 

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး နိုဝင်ဘာ ၁၇ ရက် မွန်းလွဲ ၂ နာရီ ၄၀ မိနစ်မှာ လက်ထောက်မန်နေဂျာ ဦးဟိန်းလတ်က တရားလိုပြုလုပ် တိုင်ကြားခဲ့တာကြောင့် လှိုင်သာယာအရှေ့ပိုင်းမြို့မရဲစခန်းမှာ အမှုအမှတ် (ပ) ၁၄၂၅/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၄၀၈/၁၁၄ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

 

လက်ရှိမှာ အမှုစစ်ရဲအုပ် ခင်မောင်ဇော်က တရားလိုနဲ့ သက်သေတွေကို စစ်ဆေးတာ၊ သက်သေခံစာရွက်စာတမ်းတွေ သိမ်းဆည်းတာနဲ့ သံသယရှိသူ ၁၈ ဦးကို ဥပဒေနဲ့အညီ ဖမ်းဆီးစစ်ဆေးနိုင်ရေး ဆက်လက်ဆောင်ရွက်နေတယ်လို့ DENKO ဆီဆိုင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။