ဓား ၂ လက် သေနတ်အသုံးပြုပြီး ပေါ်တာဆွဲသူကို ပြည်သူတွေ ဝိုင်းဖမ်းကာ ရဲစခန်းပို့ခဲ့ပေမယ့် ရဲက ပြန်လွှတ်ပေး
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်မှာ စစ်တပ်အတွက် လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတယ်လို့ စွပ်စွဲခံရတဲ့ အမျိုးသားတစ်ဦးကို ပြည်သူတွေက ဖမ်းဆီးပြီး ရဲစခန်းကို အပ်နှံခဲ့ပေမဲ့ ရဲစခန်းက ပြန်လွှတ်ပေးလိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ပြည်ကြီးတံခွန်မြို့နယ်မှာ လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် ရိုက်နှက်ဖမ်းဆီးနေတယ်လို့ စွပ်စွဲခံရတဲ့ အမျိုးသားကို နိုဝင်ဘာ ၁၉ ရက်မှာ ဖမ်းမိခဲ့ပြီး ရဲစခန်းကို သွားရောက်အပ်နှံခဲ့ပေမဲ့ နိုဝင်ဘာ ၂၁ ရက်မှာ ရဲစခန်းက ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“သူ့ကိုယ်သူ စစ်သားပါဆိုပြီး ကလေးတွေကို ဖမ်းပြီး စစ်ထဲထည့်နေတာ။ ပြည်သူတွေက ဝိုင်းဖမ်းပြီး ရဲစခန်းကို ပို့တယ်။ ဓားရော၊ သေနတ်အတုရော မိတယ်။ ဒါကို ရဲစခန်းက အရေးမယူဘဲ ပြန်လွှတ်ပေးလိုက်တယ်” လို့ ပြောပါတယ်။
ဖမ်းမိတဲ့ အမျိုးသားကို ပြည်ကြီးတံခွန်မြို့မရဲစခန်းက စစ်ဆေးခဲ့ပြီးနောက် နိုဝင်ဘာ ၂၁ ရက်မှာ ခံဝန်နဲ့ ပြန်လွှတ်ပေးလိုက်တာလို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ဓား ၂ လက်တောင်ပါတယ်ဗျာ။ ၁၉ (င) နဲ့ အမှုဖွင့်လို့ရတယ်။ ဝန်ထမ်းအယောင်ဆောင်မှု ပုဒ်မတွေ တပ်မယ်ဆို အများကြီး။ အဲဒါကို နောက်နောင် အခုလိုမလုပ်ပါဘူးဆိုတဲ့ ခံဝန်ထိုးပြီး ပြန်လွှတ်လိုက်တယ်” လို့ ဆိုပါတယ်။
စစ်အုပ်စုကတော့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းစဉ်အတွင်း သတ်မှတ်လုပ်ထုံးလုပ်နည်းတွေနဲ့ မညီဘဲ ဆောင်ရွက်တာ၊ ငွေကြေးကောက်ခံတာနဲ့ အခြားမမှန်မကန်လုပ်ရပ်တွေ ရှိပါက အရေးယူသွားမယ်လို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဲဒီထုတ်ပြန်ချက်မှာ စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းစဉ်အတွင်း အမည်စာရင်းရွေးချယ်တာ၊ ဆင့်ခေါ်တာတွေနဲ့ပတ်သက်ပြီး မမှန်မကန်ဆောင်ရွက်တာ၊ ငွေကြေးတောင်းခံတာ၊ ကိုယ်ကျိုးအတွက် အခွင့်အာဏာအသုံးချတာနဲ့ ခြိမ်းခြောက်တာတွေကို ခွင့်ပြုမှာမဟုတ်ဘဲ စိစစ်တွေ့ရှိပါက သက်ဆိုင်ရာဥပဒေတွေနဲ့အညီ အရေးယူမယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် မမှန်မကန်ဆောင်ရွက်မှုတွေရှိပါက သက်ဆိုင်ရာအဆင့်ဆင့်ကို တိုင်ကြားနိုင်ကြောင်းနဲ့ စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းစဉ်မှာ ပါဝင်သူတွေအနေနဲ့ သတ်မှတ်တာဝန်တွေကို စည်းကမ်းတကျ၊ တာဝန်ယူမှုရှိရှိ ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။
