မြန်မာ့အရေးကို လျစ်လျူမရှုဖို့နဲ့ တာဝန်မပျက်ကွက်ဖို့ ဦးကျော်မိုးထွန်း ကုလတွင် တိုက်တွန်း
မြန်မာနိုင်ငံမှာ အရပ်သားပြည်သူတွေကို လူ့အခွင့်အရေးရှိသူတွေအဖြစ် မဆက်ဆံဘဲ ပစ်မှတ်တွေအဖြစ် သဘောထားတဲ့ စစ်အုပ်စုရဲ့ အကြွင်းမဲ့အာဏာ ရယူလိုမှုကြောင့် ဒုက္ခဆင်းရဲတွေ ဖြစ်ပွားနေတာဖြစ်တဲ့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာ့အရေးကို လျစ်လျူမရှုကြဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်ပါတယ်။
အောက်တိုဘာ ၇ ရက် မွန်းလွဲပိုင်းက အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနဲ့ ယဉ်ကျေးမှုဆိုင်ရာ တတိယကော်မတီရဲ့ “လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေး” ဆိုင်ရာ အထွေထွေဆွေးနွေးပွဲမှာ ဦးကျော်မိုးထွန်းက အခုလို ပြောကြားခဲ့တာပါ။
စစ်အုပ်စုဟာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေအပြင် နည်းပညာကို အသုံးပြုပြီး ခြိမ်းခြောက်မှုတွေ လုပ်ဆောင်နေသလို စာသင်ကျောင်း၊ ဆေးရုံဆေးခန်းနဲ့ စစ်ဘေးရှောင်စခန်းတွေကိုလည်း တိုက်ခိုက်နေတယ်လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။ အသက်ကယ် လူသားချင်းစာနာမှုအကူအညီတွေကိုလည်း ရည်ရွယ်ချက်ရှိရှိ ပိတ်ဆို့ထားတယ်လို့ သူက ထောက်ပြပါတယ်။
ဒါပေမဲ့ စစ်အာဏာသိမ်းမှုအတွင်း မြန်မာပြည်သူတွေဟာ စည်းလုံးညီညွတ်မှုကို ပြန်လည်တည်ဆောက်နိုင်ခဲ့ပြီး ဒီမိုကရေစီအင်အားစုတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပြည်သူတွေ ပူးပေါင်းကာ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွက် အုတ်မြစ်ချနေကြတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
ဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်အုပ်စုရဲ့ အတုအယောင်နိုင်ငံရေးလုပ်ငန်းစဉ်နဲ့ အသိအမှတ်ပြုမှုတွေကို ငြင်းပယ်ဖို့၊ စစ်အုပ်စုထံ လေယာဉ်ဆီနဲ့ စစ်လက်နက်တွေ ရောက်ရှိမှုကို ဖြတ်တောက်ဖို့၊ မြန်မာ့အရေးကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ထံ လွှဲပြောင်းပေးဖို့နဲ့ စစ်အုပ်စုကို သံတမန်ရေးအရ ဖယ်ကြဉ်ထားဖို့ ဦးကျော်မိုးထွန်းက အလေးအနက် တောင်းဆိုခဲ့ပါတယ်။
ဓာတ်ပုံ – NUG
