ပဲခူးအနောက်ခြမ်းမှာ တိုက်ပွဲတွေကြောင့် မိုးစပါးနဲ့ အခြားသီးနှံတွေ မစိုက်နိုင်
ပဲခူးတိုင်းအနောက်ခြမ်းမှာ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားပြီး စစ်ဘေးရှောင်ရတာ၊ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်တာနဲ့ စိုက်ပျိုးရေးသွင်းအားစုတွေ ဝယ်ယူဖို့ ခက်ခဲတာတွေကြောင့် ဒီနှစ်မိုးရာသီမှာ မိုးစပါးနဲ့ အခြားသီးနှံတွေ မစိုက်ပျိုးနိုင်တဲ့ လယ်သမားတွေ များပြားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လက်ပံတန်းမြို့နယ်က ကျေးရွာတချို့မှာ နယ်မြေမအေးချမ်းဘဲ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတာကြောင့် လယ်သမားတွေ စစ်ဘေးရှောင်နေရပြီး လယ်ယာလုပ်ငန်းတွေ ရပ်နားထားရတယ်လို့ ဒေသခံလယ်သမားတစ်ဦးက CJ Platform ကို ပြောပါတယ်။
“နယ်မြေမအေးချမ်းတော့ လမ်းပန်းဆက်သွယ်ရေးပြတ်တယ်။ တိုက်ပွဲဖြစ်တော့ စစ်ရှောင်ရတယ်။ စစ်ရှောင်ရတော့ လယ်တွေ ပစ်ထားရတယ်။ စက်ကိရိယာမပြည့်စုံတာတွေ၊ သွင်းအားစုမဝယ်နိုင်တာကြောင့် လယ်မစိုက်နိုင်တဲ့သူတွေ အများကြီးပဲ။ ဒီနှစ်ဆို မိုးစပါးရော၊ အခြားသီးနှံရော မစိုက်နိုင်တော့ဘူး” လို့ သူက ပြောပါတယ်။
ပေါင်းခေါင်းနဲ့ ပေါင်းတည်မြို့နယ်တွေမှာလည်း စစ်ဘေးရှောင်ရမှုတွေကြောင့် စပါးစိုက်ပျိုးမှု သိသိသာသာ လျော့နည်းလာပြီး လယ်ယာလုပ်ငန်းကို စွန့်ခွာလာသူတွေလည်း ရှိတယ်လို့ ဒေသခံလယ်သမားတစ်ဦးက ပြောပါတယ်။
“စပါးစိုက်လိုက်၊ တိုက်ပွဲဖြစ်လို့ ရှောင်ရလိုက်ဆိုတော့ လယ်စိုက်ပျိုးတာ အတော်နည်းသွားတယ်။ စပါးထွက်တဲ့ရာသီရောက်ရင်လည်း ဘယ်သွားရောင်းရမှန်းမသိဘူး။ အသွားအလာတွေက ဖြတ်တောက်ထားတယ်။ လှောင်ဖို့ကလည်း မဖြစ်နိုင်ဘူးဆိုတော့ လယ်လုပ်တဲ့သူ နည်းသွားတယ်” လို့ သူက ဆိုပါတယ်။
အုတ်ဖို၊ နတ်တလင်း၊ ဇီးကုန်းနဲ့ ကြို့ပင်ကောက်မြို့နယ်တွေမှာလည်း မိုးစပါးအပြင် ငရုတ်၊ ကြက်သွန်၊ ပန်း၊ မြေပဲ၊ ပြောင်းနဲ့ ကြံစတဲ့ သီးနှံတွေကို စိုက်ပျိုးကြပေမဲ့ ဒီနှစ်မှာ စိုက်ပျိုးနိုင်ခြင်း မရှိတဲ့သူတွေ ရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် သီးနှံထွက်ချိန်မှာ ပြန်လည်ရောင်းချဖို့ အခက်အခဲရှိသလို ဓာတ်မြေဩဇာနဲ့ အခြားစိုက်ပျိုးရေးသွင်းအားစုတွေ ဝယ်ယူဖို့လည်း မလွယ်ကူဘူးလို့ ဆိုပါတယ်။
“ငွေပုံအောပြီး လုပ်ငန်းထဲ မြှုပ်နှံဖို့ဆိုတာ ထီထိုးသလိုပဲ။ အဲဒါကြောင့် အရဲစွန့်ပြီး မလုပ်ကြတာ။ လယ်သမားတွေကတော့ တိုင်းပြည်ကို အမြန်အေးချမ်းစေချင်ပြီ” လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။
တိုက်ပွဲတွေနဲ့ သွားလာရေးအခက်အခဲတွေကြောင့် မိုးစပါးစိုက်ပျိုးမှု လျော့နည်းလာသလို စပါးအထွက်နှုန်းလည်း သိသိသာသာ ကျဆင်းလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်းမှာ ပြည်၊ သာယာဝတီနဲ့ နတ်တလင်းခရိုင်တို့ ပါဝင်ပြီး ပြည်၊ ပေါက်ခေါင်း၊ ပန်းတောင်း၊ ရွှေတောင်၊ သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ မိုးညို၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ နတ်တလင်း၊ ဇီးကုန်းနဲ့ ပေါင်းတည်မြို့နယ်တွေ ပါဝင်ပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
ပုံစာ – လယ်ယာမြေလုပ်ငန်းခွင်တစ်ခုကို မြင်ရပုံ
