ဒီပဲယင်းမှာ CDM ဆည်မြောင်းဝန်ထမ်းတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းမှာ CDM ဆည်မြောင်းဝန်ထမ်းတစ်ဦးကို လက်နက်ကိုင်ဆောင်ထားသူတစ်ဦးက သေနတ်နဲ့ ပစ်သတ်သွားခဲ့တဲ့ ဖြစ်စဉ်တစ်ခု ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေဆီကနေ သိရပါတယ်။
ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရသူမှာ CDM ဝင်ရောက်ထားသည့် ဆည်မြောင်းဝန်ထမ်းဟောင်းတစ်ဦး ဖြစ်သလို လက်ရှိအချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ရေဦးမြို့နယ်အဖွဲ့မှာ တာဝန်ထမ်းဆောင်နေသူတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။
“လက်ဖက်ရည်ဆိုင် သွားရအောင်ဆိုပြီး လာရောက်ခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။ ပြီးတော့ လမ်းမှာ သေနတ်နဲ့ ပစ်သတ်သွားခဲ့တာပါ။ လာခေါ်တဲ့သူဆိုတော့ အနီးစပ်ဆုံး ရင်းနှီးကျွမ်းဝင်တဲ့သူ ဖြစ်မှာပါ။ ပစ်ခတ်သွားတဲ့သူကိုတော့ အခုအချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး” လို့ ဒေသခံရဲဘော်တစ်ဦးက CJ Platform ကို ပြောပါတယ်။
ဒါ့အပြင် ဒေသတွင်း လုံခြုံရေးအခြေအနေအချို့နဲ့ ပတ်သက်ပြီး ဒီပဲယင်းမြို့နယ်အတွင်းမှာ တရားဝင် တော်လှန်ရေးအဖွဲ့တွေတင်မကဘဲ၊ နွေဦးတော်လှန်ရေး လက်နက်ကိုင်တော်လှန်ရေး အစပိုင်းကာလတုန်းက လက်နက်ကိုင်ဆောင်ခဲ့သူတွေထဲက လက်ရှိမှာ ရပ်နားသွားသူအချို့မှာလည်း လက်နက်ကိုယ်စီ ကိုင်ဆောင်ထားတဲ့ အခြေအနေအချို့ ရှိနေဆဲဖြစ်တယ်လို့လည်း ဆိုကြပါတယ်။
ပစ်ခတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး မိသားစုနဲ့ နီးစပ်သူတစ်ဦးက “ဟုတ်ပါတယ်၊ ပစ်သတ်သွားတာက လက်ယက်ကုန်းရွာရဲ့ မြောက်ဘက်ပိုင်းမှာပါ။ အခုထိတော့ တရားခံ ဘယ်သူဘယ်ဝါဆိုတာ တိတိကျကျ မသိရသေးပါဘူး။ တရားခံကိုတော့ ဆက်လက်ပြီး စုံစမ်းစစ်ဆေးနေဆဲပါပဲ” လို့လည်း CJ Platform ကို အတည်ပြု ပြောဆိုထားပါတယ်။
လက်ရှိအချိန်မှာ အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး တရားခံကို စုံစမ်းဖော်ထုတ်နိုင်ဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဆက်လက်စုံစမ်းစစ်ဆေးနေဆဲ ဖြစ်တယ်လို့ သိရပြီး၊ နောက်ဆက်တွဲ မြေပြင်အခြေအနေတွေကို တိတိကျကျ သိရှိနိုင်ဖို့အတွက် CJ Platform က ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
