ချင်းမိုင်မှာ အသက် ၁၅ နှစ်အရွယ် မြန်မာကျောင်းသားလေး ပျောက်ဆုံးနေ၊ ကျားဖြန့်ဂိုဏ်းတွေဆီ ရောက်ရှိမှာကို မိသားစုဝင်တွေ စိုးရိမ်နေ
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ မိဘတွေနဲ့အတူ နေထိုင်တဲ့ အသက် ၁၅ နှစ်အရွယ် မြန်မာကျောင်းသားလေးတစ်ဦး ပျောက်ဆုံးနေတာကြောင့် ကျားဖြန့် (အွန်လိုင်းလိမ်လည်မှု) ဂိုဏ်းတွေထံ ရောက်ရှိသွားမှာကို မိသားစုဝင်တွေက အလွန် စိုးရိမ်ပူပန်နေပြီး မိသားစုဝင်တစ်ဦးက သူ့ရဲ့ လူမှုကွန်ရက်ကနေ ရေးသားဖြန့်ဝေကာ အကူအညီတောင်းထားပါတယ်။
ပျောက်ဆုံးသွားသူမှာ မောင်စွမ်းပြည့်ပိုင်စိုး (အသက် ၁၅ နှစ်) ဖြစ်ပြီး မနေ့က ဇူလိုင်လ ၂၈ ရက် မနက် ၉ နာရီ ၂၀ မိနစ်ခန့်မှာ အိမ်ကနေ ပျောက်ဆုံးသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
နောက်ဆုံး စုံစမ်းသိရှိရတဲ့ မီးသတ်နဲ့ လုံခြုံရေး စီစီတီဗွီ (CCTV) မှတ်တမ်းတွေအရ မောင်စွမ်းပြည့်ပိုင်စိုး ကို မနေ့က ဇူလိုင်လ ၂၈ ရက် မနက် ၉ နာရီ ၃၆ မိနစ်မှာ Chiang Mai Bus Terminal (ချင်းမိုင် ဘတ်စ်ကားဂိတ်) မှာ နောက်ဆုံး တွေ့ရှိခဲ့ရပြီး အဲဒီကနေတစ်ဆင့် အခြားမြို့တစ်မြို့ကို ထွက်ခွာသွားခဲ့ကြောင်း သိရတယ်လို့ ရေးသားထားပါတယ်။
ကလေးဟာ သူအသုံးပြုနေတဲ့ Telegram Channel တစ်ခုရဲ့ ဖြားယောင်းသွေးဆောင် ခေါ်ထုတ်တာကို ခံခဲ့ရတာဖြစ်ပြီး ကျားဖြန့်ဂိုဏ်းတွေရဲ့ ခေါ်ဆောင်တာ ခံရတယ်လို့ ယူဆရတာကြောင့် မိဘတွေနဲ့ မိတ်ဆွေတွေက စိတ်ပူပန်စွာနဲ့ လိုက်လံရှာဖွေနေကြပေမဲ့ ဒီကနေ့ ဇူလိုင်လ ၂၉ ရက် မနက်ပိုင်းအထိ သတင်းအစအန မရရှိသေးကြောင်း သိရပါတယ်။
လက်ရှိမှာ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေက ထိုင်းနိုင်ငံက သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ ရဲစခန်းတွေနဲ့ ချိတ်ဆက်ကာ အမြန်ဆုံး ပြန်လည်ရှာဖွေတွေ့ရှိနိုင်ဖို့အတွက် ကူညီဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
