ဧရာဝတီနဲ့ ချင်းတွင်းမြစ်အပါအဝင် မြစ်ကြီးအချို့မှာ မြစ်ရေဆက်တက်နိုင်ကြောင်း မိုးဇလသတိပေး

Author CJ Platform
Categories
Published on Jul 11, 2026

လာမယ့် ဇူလိုင်လ ဒုတိယပတ် (၁၀) ရက်တာကာလအတွင်း ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ် အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ မြစ်ကြီးတွေမှာ လက်ရှိရေအမှတ်ထက် ၂ ပေကနေ ၉ ပေခန့်အထိ သိသိသာသာ မြင့်တက်လာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (ဇူလိုင်လ ၁၁ ရက်) နေ့စွဲနဲ့ သတိပေးထုတ်ပြန်ထားပါတယ်။

 

မိုးဇလရဲ့ ထုတ်ပြန်ချက်အရ ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့နဲ့ စစ်ကိုင်းမြို့တို့မှာ ၄ ပေကနေ ၆ ပေခန့်အထိ မြင့်တက်လာနိုင်သလို၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာလည်း ၅ ပေကနေ ၇ ပေခန့်အထိ လက်ရှိရေမှတ်အထက် မြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။

 

ချင်းတွင်းမြစ်ရေကလည်း ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နဲ့ မုံရွာမြို့တို့မှာ လက်ရှိရေမှတ်ထက် ၅ ပေကနေ ၉ ပေခန့်အထိ မြင့်တက်လာနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ဒါ့အပြင် မြစ်သာမြစ်ရေဟာ ကလေးမြို့မှာ ၅ ပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေဟာ သီပေါမြို့မှာ ၂ ပေခန့်၊ ရွှေစာရံနဲ့ မြစ်ငယ်မြို့တို့မှာ ၂ ပေကနေ ၄ ပေခန့် မြင့်တက်နိုင်သလို၊ စစ်တောင်းမြစ်ရေကတော့ တောင်ငူမြို့နဲ့ မဒေါက်မြို့တို့မှာ ၂ ပေကနေ ၄ ပေခန့်၊ ရွှေကျင်မြစ်ရေက ရွှေကျင်မြို့မှာ ၄ ပေခွဲခန့်၊ ပဲခူးမြစ်ရေဟာ ဇောင်းတူမြို့နဲ့ ပဲခူးမြို့တို့မှာ ၃ ပေကနေ ၄ ပေခန့်၊ သံလွင်မြစ်ရေက ဘားအံမြို့မှာ ၂ ပေခန့်၊ တိုးမြစ်ရေကတော့ မအူပင်မြို့မှာ ၂ ပေခန့်နဲ့ ဘီးလင်းမြစ်ရေကတော့ ဘီးလင်းမြို့မှာ ၃ ပေခန့် အသီးသီး မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။

 

အလားတူ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းလာနိုင်တာကြောင့် မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်နီပြည်၊ ကရင်ပြည်၊ ချင်းပြည်၊ မွန်ပြည်၊ ရခိုင်ပြည်နဲ့ ရှမ်းပြည်တို့မှာ ရွာသွန်းမြဲထက် မိုးပိုမိုရွာသွန်းနိုင်ပြီး၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ကချင်ပြည်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးဇလက သတိပေးထားပါတယ်။

 

လက်ရှိအချိန်မှာလည်း ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကချင်ပြည်၊ ကရင်ပြည်၊ ချင်းပြည်၊ မွန်ပြည်၊ ရခိုင်ပြည်၊ ရှမ်းပြည်တို့မှာ မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှု၊ မြေပြိုမှုများ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် လူသေဆုံးမှုတွေရှိသလို ရေဘေးသင့်ပြည်သူတွေကိုလည်း ဘေးလွတ်ရာနေရာတွေဆီသို့ ရွှေ့ပြောင်းကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ပေးနေရတယ်လို့ သိရပါတယ်။

 

ရခိုင်ပြည်မြောက်ပိုင်းမှာရှိတဲ့ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေနဲ့ ချင်းပြည်အတွင်းရှိ ပလက်ဝမြို့နယ်တွေမှာ မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် ကုလားတန်မြစ်နဲ့ လေးမြို့မြစ်သာမက ချောင်းငယ်တွေပါ ရေပြင်မြင့်တက်လာပြီး ရေကြီးရေလျှံမှု၊ မြေပြိုမှုတွေကြောင့် လူသေဆုံးမှုရှိသလို၊ ရပ်ကွက်နဲ့ ကျေးရွာ ၇၀ ထက်မနည်းက ပြည်သူတွေဟာ ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်နေကြရတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ပဲခူးတိုင်း၊ ရွှေကျင်မြို့နဲ့ မွန်ပြည်အတွင်းရှိ ဘီးလင်းမြို့နယ်တွေမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းမှာရှိတဲ့ နေအိမ်တွေအတွင်း ရေဝင်ရောက်နေပြီဖြစ်သလို၊ ကရင်ပြည်အတွင်းရှိ ဘားအံမြို့နယ်က ကျေးရွာအချို့နဲ့ ရှမ်းပြည်အရှေ့ပိုင်းက မိုင်းခတ်မြို့နယ်၊ ဝထိန်းချုပ်နယ်မြေ မိုင်းပေါက်မြို့တို့မှာလည်း တောင်ကျရေတွေကြောင့် ရေကြီးမှုတွေ ဖြစ်ပေါ်နေတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

 

လက်ရှိအချိန်မှာ မိုးသည်းထန်စွာရွာသွန်းတာနဲ့အတူ မြစ်ရေမြင့်တက်မှုတွေ ဆက်တိုက်ဖြစ်ပေါ်လာနိုင်တာကြောင့် မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းဒေသတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာနေရာတွေဆီသို့ ကြိုတင်ရွှေ့ပြောင်းကြဖို့နဲ့ အထူးသတိပြု နေထိုင်ကြဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက နှိုးဆော်သတိပေးထားပါတယ်။