စာသင်ခန်းအတွင်း ဆရာမတွေ Tik Tok ဆော့လွန်းတာနဲ့ ကျောင်းသား၊ကျောင်းသူတွေ ရည်းစားထားတာ ရန်ဖြစ်ကြတာ များလာတာကြောင့် ကျောင်းတွင်း ဖုန်းယူခွင့်ပိတ် 

Author CJ Platform
Categories
Published on Oct 09, 2026

စာသင်ကျောင်းတွေအတွင်း ကျောင်းသား၊ ကျောင်းသူတွေကို ကျောင်းဝင်းအတွင်း ဖုန်းလုံးဝယူဆောင်ခွင့်မပြုဖို့နဲ့ ဆရာ၊ ဆရာမတွေကိုလည်း စာသင်ခန်းအတွင်း ဖုန်းမယူဖို့ အခြေခံပညာဦးစီးဌာနက ဒီနေ့ အောက်တိုဘာ ၉ ရက်မှာ သတိပေးထုတ်ပြန်ပါတယ်။

 

ပညာရေးဝန်ကြီးဌာနအောက်ရှိ အခြေခံပညာကျောင်းတွေ၊ အမျိုးသားသင်ရိုးညွှန်းတမ်းနဲ့ သင်ကြားနေတဲ့ ပုဂ္ဂလိကကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေမှာ အခုလို လိုက်နာဖို့ ညွှန်ကြားထားတာပါ။

 

ခရိုင်နဲ့ မြို့နယ်ပညာရေးမှူးတွေအပြင် ကျောင်းအုပ်ကြီးတွေကိုလည်း အမိန့်ညွှန်ကြားချက်အတိုင်း အဆင့်ဆင့် လိုက်နာဆောင်ရွက်ဖို့နဲ့ လက်မှတ်ရေးထိုးပြီး ပြန်လည်တင်ပြဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

အောက်တိုဘာ ၂ ရက်က လက်ပံတန်းမြို့မှာ ကျောင်းတွင်း အုပ်စုဖွဲ့အနိုင်ကျင့်မှုနဲ့ ဆက်စပ်ပြီး ကျောင်းသူတစ်ဦး သေဆုံးခဲ့တဲ့ဖြစ်စဉ်အပါအဝင် ကျောင်းတွင်းအနိုင်ကျင့်မှုနဲ့ လူသတ်မှုတွေကို သာယာဝတီမဲဆန္ဒနယ်မှ ဦးရဲထွဋ်က မေးခွန်းထုတ်ခဲ့ပြီးနောက် အခုလို ထုတ်ပြန်လာတာလို့ ပညာရေးဝန်ထမ်းတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“တချို့ဆရာ၊ ဆရာမတွေက ဆယ်လီအရမ်းဖြစ်ချင်တာ။ ကျောင်းရောက်တာနဲ့ TikTok ရိုက်ပြီ။ ကလေးတွေ ထိန်းမရတာလည်း မပြောနဲ့၊ ဆရာ၊ ဆရာမတွေကိုယ်တိုင်က စည်းကမ်းမလိုက်နာကြတာ။ အခုထုတ်ပြန်ချက်ကို လက်ခံပါတယ်” လို့ အဲဒီပညာရေးဝန်ထမ်းက ပြောပါတယ်။

 

ကျောင်းတွင်း အုပ်စုဖွဲ့အနိုင်ကျင့်မှုကြောင့် ကလေးတွေ သေဆုံးတာ၊ ဒဏ်ရာရတာတွေ ရှိလာတဲ့အတွက် အစိုးရကျောင်းတွေမှာ ကလေးတွေကို ကျောင်းထားဖို့ မိဘတွေ စိုးရိမ်လာကြတယ်လို့ ကျောင်းသားမိဘတစ်ဦးကလည်း CJ Platform ကို ပြောပါတယ်။

 

“ကျောင်းမှာ အုပ်စုဖွဲ့အနိုင်ကျင့်လို့ ကလေးတွေ သေတာတွေ၊ ဒဏ်ရာရတာတွေရှိတော့ မိဘတွေက စိုးရိမ်တာပေါ့။ တချို့မိဘတွေဆို အစိုးရကျောင်းက ထုတ်ပြီး ပုဂ္ဂလိကကျောင်းကို ပြောင်းတာတွေလည်း ရှိတယ်” လို့ အဲဒီမိဘက ပြောပါတယ်။

 

၂၀၂၆ ပညာသင်နှစ်အတွင်း ဇန်နဝါရီ၊ ဇွန်နဲ့ စက်တင်ဘာလတွေမှာ ရွှေပြည်သာ၊ အမရပူရနဲ့ လက်ပံတန်းမြို့နယ်တွေက ကျောင်းတွင်း ဓားထိုးမှုနဲ့ အုပ်စုဖွဲ့အနိုင်ကျင့်မှုတွေကြောင့် ၇ တန်းကျောင်းသားတစ်ဦး၊ ၆ တန်းကျောင်းသားတစ်ဦးနဲ့ ၁၁ တန်းကျောင်းသူတစ်ဦးတို့ သေဆုံးခဲ့ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်