ကျောက်တော် လေကြောင်းတိုက်ခိုက်မှုကို EU နဲ့ ယူကေ ရှုတ်ချ၊ ရခိုင်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ဖြစ်ပြီး  ၁ ဦးသေဆုံးကာ ၈ ဦး ဒဏ်ရာရ

Author CJ Platform
Categories
Published on Oct 01, 2026

ကျောက်တော်မြို့ “အိန္ဒိယဈေး” အနီးကို စစ်အုပ်စုက စက်တင်ဘာ ၂၈ ရက်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅၀ သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကို ဥရောပသမဂ္ဂ (EU) နဲ့ ယူကေတို့က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။ အဲဒီနောက် ရခိုင်ပြည်အတွင်း မြို့နယ်တချို့မှာလည်း စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဖော်ပြပါတယ်။

 

ကျောက်တော်မြို့ အိန္ဒိယဈေးနဲ့ ကစ္ဆပနဒီတံတားအနီးကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုအပေါ် EU ပြောရေးဆိုခွင့်ရှိသူက စက်တင်ဘာ ၃၀ ရက်မှာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို လေးစားလိုက်နာဖို့ တိုက်တွန်းခဲ့ပြီး ထိခိုက်နစ်နာခဲ့သူတွေနဲ့ မိသားစုတွေအပါအဝင် မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်တယ်လို့ ပြောပါတယ်။

 

အလားတူ ယူကေရဲ့ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး Baroness Winterton ကလည်း အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာကို လက်ခံနိုင်စရာမရှိကြောင်း ပြောဆိုပြီး ကျောက်တော်တိုက်ခိုက်မှုကို ရှုတ်ချကာ လေကြောင်းတိုက်ခိုက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။

 

ဒါ့အပြင် ကျောက်တော်လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအထွေထွေညီလာခံ အဆင့်မြင့်အစည်းအဝေးမှာ ထုတ်ဖော်ပြောဆိုခဲ့သလို ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီးနဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) တို့ကလည်း ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ထုတ်ပြန်ပြောဆိုထားပါတယ်။

 

အဲဒီလို နိုင်ငံတကာက ဝေဖန်ရှုတ်ချမှုတွေ ထွက်ပေါ်နေတဲ့ကြားမှာ စက်တင်ဘာ ၃၀ ရက်ညပိုင်းကနေ အောက်တိုဘာ ၁ ရက် မနက်အစောပိုင်းအထိ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နဲ့ ပေါက်တောမြို့နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ဖြစ်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

 

စက်တင်ဘာ ၃၀ ရက် ည ၉ နာရီခန့်မှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာအနီး လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၄ နှစ်အရွယ် မောင်နေကျော်လင်းနဲ့ အသက် ၂၆ နှစ်အရွယ် မခင်ခင်သန်းတို့ ဒဏ်ရာရရှိခဲ့ပြီး အဲဒီဒေသမှာ ညသန်းခေါင်အထိ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

 

အဲဒီနေ့ ည ၁၀ နာရီခန့်မှာ ရသေ့တောင်မြို့နယ် မူဆယ်ကျွန်းရှိ ကူတောင်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၅၁ နှစ်အရွယ် ဦးအောင်တင်သိန်း (ခ) ဒူးကြီး သေဆုံးပြီး ဇနီးဖြစ်သူ အသက် ၄၁ နှစ်အရွယ် ဒေါ်ဝင်းနု ဒဏ်ရာရရှိခဲ့ကာ နေအိမ်အချို့လည်း ပျက်စီးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဖော်ပြပါတယ်။

 

ဒါ့အပြင် အောက်တိုဘာ ၁ ရက် မနက် ၁ နာရီခန့်မှာ ပေါက်တောမြို့နယ် ဝီရသိန်မြို့မှာ လေကြောင်းတိုက်ခိုက်မှု ထပ်မံဖြစ်ပွားခဲ့တာကြောင့် အရပ်သား အမျိုးသမီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

 

ဒီဖြစ်စဉ်တွေအရ စက်တင်ဘာ ၃၀ ရက်ညကနေ အောက်တိုဘာ ၁ ရက် မနက်ပိုင်းအထိ ရခိုင်ပြည်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူ ၁ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

 

ဓာတ်ပုံ – Wai Hun Aung