ကျောက်တော် လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၅၀ အထိ ရှိလာ၊ စစ်အုပ်စုလုပ်ရပ်ကို ကုလ ရှုတ်ချ
ရခိုင်ပြည်၊ ကျောက်တော်မြို့၊ အိန္ဒိယဈေးနဲ့ ကစ္ဆပနဒီတံတားအနီးဝန်းကျင်ကို စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားသေဆုံးသူ ၅၀ အထိ မြင့်တက်လာတဲ့ဖြစ်စဉ်အပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီး Volker Türk က စက်တင်ဘာ ၂၉ ရက်မှာ ပြင်းထန်စွာ ရှုတ်ချလိုက်ပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုဟာ စက်တင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဆိုင်ပေါင်း ၂၀၀ ကျော်ရှိတဲ့ လူစည်ကားတဲ့ ဈေးအတွင်းကို ဗုံးကျရောက်ခဲ့တာလို့ သိရပါတယ်။
တိုက်ခိုက်မှုကြောင့် ဈေးသည်၊ ဈေးဝယ်သူနဲ့ သယ်ယူပို့ဆောင်ရေးလုပ်သားတွေအပါအဝင် ရခိုင်၊ ရိုဟင်ဂျာ၊ ဟိန္ဒူနဲ့ ဒိုင်းနက် စတဲ့ လူမျိုးပေါင်းစုံက အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄၉ ဦး သေဆုံးပြီး ၅၈ ဦး ဒဏ်ရာရခဲ့သလို ဆေးကုသမှုခံယူနေတဲ့ ပုဏ္ဏားကျွန်းမြို့နယ်က အသက် ၄၀ အရွယ် ဦးအောင်မင်းထွန်းဟာ စက်တင်ဘာ ၂၉ ရက် မနက်ပိုင်းမှာ ထပ်မံသေဆုံးခဲ့တာကြောင့် သေဆုံးသူ စုစုပေါင်း ၅၀ အထိ ရှိလာတယ်လို့ အာရက္ခတပ်တော် (AA) ရဲ့ နောက်ဆက်တွဲ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုဖြစ်စဉ်ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်ပြည်အတွင်း လူသေဆုံးမှုများပြားတဲ့ တိုက်ခိုက်မှုတွေထဲက တစ်ခုဖြစ်တယ်လို့ သိရပါတယ်။
“ဒီလေကြောင်းတိုက်ခိုက်မှုတွေက နိုင်ငံတစ်ဝန်း အရပ်သားတွေ ရင်ဆိုင်နေရတဲ့ ဆိုးရွားတဲ့အခြေအနေကို ပိုမိုထင်ရှားစေပါတယ်။ အထူးသဖြင့် ရခိုင်ပြည်မှာ ပိုပြီးဆိုးရွားပါတယ်” လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီး Volker Türk က ပြောပါတယ်။
စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေကို လေးစားလိုက်နာမှုနဲ့ ပတ်သက်ပြီး ပြင်းထန်တဲ့ စိုးရိမ်မှုတွေ ဖြစ်ပေါ်စေတယ်လို့ Volker Türk က ဆိုပါတယ်။
အဆိုပါ ဥပဒေတွေအရ စစ်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ အဖွဲ့တွေဟာ အရပ်သားတွေနဲ့ စစ်ရေးပစ်မှတ်တွေကို ခွဲခြားသတ်မှတ်ခြင်း၊ အချိုးကျမှုကို လိုက်နာခြင်းနဲ့ တိုက်ခိုက်မှုမပြုလုပ်မီ အရပ်သားထိခိုက်မှု အနည်းဆုံးဖြစ်စေရန် ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ခြင်းစတဲ့ အခြေခံမူတွေကို လိုက်နာရမှာဖြစ်တယ်လို့ ကုလသမဂ္ဂက ဖော်ပြထားပါတယ်။
ဒါ့အပြင် ကျောက်တော်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရပြီး နာရီအနည်းငယ်အကြာမှာ မလေးရှားနိုင်ငံက မြန်မာနိုင်ငံသား ၅,၀၀၀ ခန့်ကို ပြန်လည်ပို့ဆောင်ဖို့ စီစဉ်နေတာကို ချက်ချင်းရပ်တန့်ဖို့လည်း Volker Türk က တောင်းဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ မတရားဖမ်းဆီးမှုတွေနဲ့ စစ်သားအတင်းအကျပ်စုဆောင်းမှုတွေကို ကြုံတွေ့နေရတာကြောင့် မည်သူ့ကိုမျှ အတင်းအကျပ် ပြန်လည်ပို့ဆောင်ခြင်းမပြုရမယ့် အခြေခံမူကို လိုက်နာဖို့နဲ့ အခြားနိုင်ငံတွေအနေနဲ့လည်း မြန်မာနိုင်ငံက ထွက်ပြေးလာသူတွေကို လက်ခံထားတဲ့ နိုင်ငံတွေကို ပိုမိုတက်ကြွစွာ ကူညီပံ့ပိုးကြဖို့ Volker Türk က တိုက်တွန်းထားပါတယ်။
ဓာတ်ပုံ – AA
