ပြည်သူတွေ တိုင်ကြားတဲ့အခါ အမှုမဖွင့်ပေးတဲ့ ရဲစခန်းတွေကို အရေးယူမယ်လို့ ရဲချုပ်ပြော၊ မြေပြင်မှာ ရဲအရာရှိတစ်ဦးရဲ့ နေအိမ်သိမ်းခံရမှုကိုတောင် အမှုမဖွင့်ပေးခဲ့

Author CJ Platform
Categories
Published on Nov 14, 2026

ပြည်သူတွေ ရဲစခန်းကို လာရောက်တိုင်ကြားတဲ့အခါ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အမှုဖွင့်ပေးရမှာဖြစ်ပြီး အမှုမဖွင့်ပေးတာကြောင့် လူမှုကွန်ရက်ပေါ် ရောက်ရှိလာပါက ရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာကျဆင်းတယ်လို့ စစ်အုပ်စုရဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးလှိုင်က ပြောပါတယ်။

 

နိုဝင်ဘာ ၁၃ ရက်က ပြည်ထဲရေးဝန်ကြီးရုံးမှာ ပြုလုပ်ခဲ့တဲ့ ရဲတပ်ဖွဲ့ရဲ့ အဓိကအချက် ၃ ချက်နဲ့ပတ်သက်တဲ့ အစည်းအဝေးမှာ ရဲချုပ်က အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။

 

ရဲတပ်ဖွဲ့ဝင်တွေ အမှုဖွင့်ပေးဖို့ ပျက်ကွက်တာကို မိမိအနေနဲ့ အမုန်းဆုံးဖြစ်ပြီး ပြည်သူတွေက အမှုဖွင့်ဖို့ လာရောက်တိုင်ကြားပေမဲ့ အမှုဖွင့်မပေးတာကြောင့် လူမှုကွန်ရက်ပေါ် ရောက်ရှိလာပါက ရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာကျဆင်းတယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး စိုးလှိုင်က ပြောပါတယ်။

 

“ပြည်သူတွေကို အော်တာ၊ ငေါက်တာ၊ စခန်းလာတိုင်တာကို အမှုဖွင့်မပေးတာတွေကို လုံးဝမလုပ်ပါနဲ့။ အဲဒါတွေက ကျွန်တော် အမုန်းဆုံးအရာတွေပါ” လို့ အစည်းအဝေးမှာ ပြောပါတယ်။

 

နိုဝင်ဘာ ၇ ရက်က ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ဘူတာရပ်ကွက်၊ ဟုမ်းလမ်းမှာ ရှေ့တန်းစစ်ဆင်ရေးထွက်နေတဲ့ လုံခြုံရေးရဲတပ်ရင်းက ဒုရဲအုပ်တစ်ဦးရဲ့ နေအိမ်ကို လူမိုက်တွေက သိမ်းယူသွားတာကြောင့် စမ်းချောင်းရဲစခန်းကို သွားရောက်တိုင်ကြားခဲ့ပေမဲ့ အမှုဖွင့်ပေးခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။ အဲဒီနောက် ရဲအရာရှိက လူမှုကွန်ရက်ပေါ်မှာ အကူအညီတောင်းခံခဲ့ပါတယ်။

 

“သာမန်ပြည်သူမပြောနဲ့၊ ရဲတပ်ရင်းက အရာရှိအိမ်ကို လူမိုက်တွေက သိမ်းသွားလို့ ရဲစခန်းသွားတိုင်တာတောင် နှင်ထုတ်တယ်ဆိုတော့ ရပ်ကွက်နေပြည်သူတွေဆို ရဲစခန်းက ဘယ်လိုဆက်ဆံမလဲဆိုတာ တွေးကြည့်” လို့ စမ်းချောင်းမြို့ခံတစ်ဦးက ဝေဖန်ပြောဆိုပါတယ်။

 

အဲဒီအစည်းအဝေးမှာ အရည်အသွေးပြည့်မီတဲ့ ရဲအကယ်ဒမီကျောင်း ဖွင့်လှစ်ရေး၊ အဂတိတရားကင်းရှင်းတဲ့ ရဲတပ်ဖွဲ့ဖြစ်လာရေးနဲ့ ပြည်သူတွေ အမှုလာရောက်တိုင်ကြားတဲ့အခါ ရဲစခန်းတွေအနေနဲ့ အမှုဖွင့်ပေးရေး စတဲ့ အချက် ၃ ချက်ကို ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးလှိုင်က ပြောဆိုခဲ့တာဖြစ်ပါတယ်။