G7 နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ထုတ်ပြန်ချက်ကို ကြိုဆိုပြီး စစ်အုပ်စုနဲ့ ဆက်ဆံရေး မလုပ်ဖို့ SCEF တိုက်တွန်း
ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ကျင်းပခဲ့တဲ့ G7 နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးက ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကြေညာချက်ကို ကြိုဆိုကြောင်းနဲ့ စစ်အုပ်စုနဲ့ ဆက်ဆံရေးကို အချိန်မတိုင်မီ ပုံမှန်ပြန်လည်ထူထောင်တာမျိုး မပြုလုပ်ဖို့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) က နိုဝင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။
G7 နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးက မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေ ချက်ချင်းလျှော့ချဖို့၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အတားအဆီးမရှိ ဝင်ရောက်နိုင်ရေးနဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထားကို ထင်ဟပ်စေတဲ့ စစ်မှန်ပြီး အားလုံးပါဝင်တဲ့ ဒီမိုကရေစီလုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပေါ်လာရေး တောင်းဆိုထားမှုတွေကို SCEF က ကြိုဆိုကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် လက်ရှိရေးဆွဲနေတဲ့ ပြည့်စုံလွှမ်းခြုံတဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှု မူဘောင် (Comprehensive Political Transition Framework) လုပ်ငန်းစဉ်မှာ SCEF နဲ့ ထိတွေ့ပူးပေါင်းဆောင်ရွက်ဖို့ G7 နိုင်ငံတွေကို တိုက်တွန်းထားပါတယ်။
အဲဒီမူဘောင်ဟာ အရပ်သားပြည်သူတွေကို ကာကွယ်ရေးနဲ့ လူသားချင်းစာနာမှုအကူအညီတွေ အတားအဆီးမရှိ ရောက်ရှိစေရေးအတွက် လက်ငင်းဆောင်ရွက်ရမယ့် အစီအမံတွေကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတစ်ရပ်ဆီ ဦးတည်တဲ့ အားလုံးပါဝင်သော နိုင်ငံရေးလုပ်ငန်းစဉ်နဲ့ ချိတ်ဆက်ဖော်ဆောင်ထားတာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
G7 အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အဲဒီကတိကဝတ်တွေကို လက်တွေ့အကောင်အထည်ဖော်နိုင်ရေးနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးအတွက် အခြေခံအုတ်မြစ်တွေ ချမှတ်နိုင်ရေးတို့မှာ SCEF နဲ့အတူ ပူးပေါင်းကူညီပံ့ပိုးပေးဖို့လည်း ဖိတ်ခေါ်ထားပါတယ်။
G7 နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကို နိုဝင်ဘာ ၉ ရက်နဲ့ ၁၀ ရက်တို့မှာ ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ကျင်းပခဲ့ပြီးနောက် အခုလို သဘောထားထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့အရေးနဲ့ပတ်သက်တဲ့ စိုးရိမ်ချက်တွေကို နှစ်စဉ် ထုတ်ဖော်ပြောကြားလေ့ရှိတဲ့ ကမ္ဘာ့စီးပွားရေးနဲ့ နိုင်ငံရေးအင်အားကြီး ၇ နိုင်ငံဖြစ်တဲ့ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ယူကေနဲ့ အမေရိကန်တို့ ပါဝင်တဲ့ G7 အဖွဲ့က မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး အလွန်စိုးရိမ်နေဆဲဖြစ်ကြောင်း ထပ်မံထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
