ပုသိမ်ကြီးမှာ လယ်မြေတွေ အကွက်ရိုက်မရောင်းဖို့ သတိပေးဆိုင်းဘုတ်နားမှာပင် မြေကွက်အရောင်းအဝယ်ဖြစ်နေ

Author CJ Platform
Categories
Published on Nov 13, 2026

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ လယ်ယာမြေတွေကို အကွက်ရိုက်မရောင်းဖို့ သတိပေးဆိုင်းဘုတ်တွေ စိုက်ထူထားပေမဲ့ အဲဒီဆိုင်းဘုတ်တွေအနီးမှာပင် မြေကွက်တွေ အရောင်းအဝယ်ဖြစ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

 

ပုသိမ်ကြီးမြို့နယ်အတွင်းရှိ လယ်မြေတွေကို အကွက်ရိုက်ရောင်းချတာ၊ ကျောက်တိုင်စိုက်ထူတာနဲ့ လယ်မြေပေါ်မှာ အဆောက်အအုံဆောက်လုပ်တာတွေ မပြုလုပ်ဖို့ လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့က သတိပေးဆိုင်းဘုတ်တွေ စိုက်ထူထားတာလို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ဥပဒေအရ အရေးယူဆောင်ရွက်မယ်လို့ ဘယ်လောက်ပြောပြော လယ်မြေတွေကို အရောင်းအဝယ်လုပ်နေကြတာပဲ။ တချို့ဆို အိမ်တွေပါ ဆောက်တာ။ အုပ်ချုပ်ရေးက မသိတာမဟုတ်ဘူး၊ သိတယ်။ ပိုက်ဆံရလို့ ငြိမ်နေတာ။ တကယ်ဖြစ်လာတော့ ခေါင်းရှောင်သွားရော” လို့ ပြောပါတယ်။

 

ဂွေးကြီးကုန်း၊ သမ္မန်တော၊ နွယ်နီနဲ့ မဲကင်းကုန်းကျေးရွာတွေမှာ ပွဲစားတွေက မူလပိုင်ရှင်တွေဆီက လယ်မြေတွေကို ပြန်လည်ဝယ်ယူပြီး မြေကွက်တွေအဖြစ် ခွဲစိတ်ရောင်းချနေတယ်လို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ပွဲစားတွေက လယ်ရှင်ဆီက လယ်ကို ပြန်ဝယ်တယ်။ ပြီးရင် အဲဒီလယ်မြေကိုပဲ အကွက်ရိုက်ပြီး ရောင်းတယ်။ တစ်ခါတလေ သတိပေးဆိုင်းဘုတ်တွေနားမှာတောင် မြေအရောင်းအဝယ်လုပ်ကြတယ်” လို့ ပြောပါတယ်။

 

မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီက သတိပေးတားမြစ်ချက်တွေကို မလိုက်နာပါက လယ်ယာမြေဥပဒေနဲ့ ဒေသန္တရအမိန့် (၁/၂၀၂၄)၊ ပုဒ်မ ၁၄၄ အရ ထိရောက်စွာ အရေးယူသွားမယ်လို့ ပြောဆိုထားပေမဲ့ ပွဲစားတွေက ဂရုမစိုက်ကြဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

 

ဦးသိန်းစိန်အစိုးရလက်ထက်မှာ စတင်ခဲ့တဲ့ လယ်ယာမြေတွေကို အကွက်ရိုက်ရောင်းချမှုဟာ အာဏာသိမ်းပြီးနောက် ပိုမိုဆိုးရွားလာတယ်လို့ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူတွေက သုံးသပ်ပြောဆိုကြပါတယ်။