ဂျိုးဖြူရေ ပုံမှန်မရပေမဲ့ ရေခိုးသုံးရင် ဒဏ်ငွေ ၅ သိန်းပေးရမယ်လို့ စည်ပင်ထုတ်ပြန်
ရန်ကုန်မြို့မှာ ဂျိုးဖြူရေ ပုံမှန်မရရှိပေမဲ့ ခွင့်ပြုချက်မရှိဘဲ ရေပိုက်ဖောက်ပြီး ဂျိုးဖြူရေကို တရားမဝင် သုံးစွဲပါက ဒဏ်ငွေ ကျပ် ၅ သိန်းအထိ ပေးဆောင်ရမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (ရေနှင့်သန့်ရှင်းမှု) အင်ဂျင်နီယာဌာနက ထုတ်ပြန်ထားပါတယ်။
ခွင့်ပြုချက်မရှိဘဲ နေအိမ်တွေကတစ်ဆင့် ပိုက်ဖောက်ပြီး ဂျိုးဖြူရေနဲ့ ဆက်သွယ်အသုံးပြုပါက ဒဏ်ငွေ ကျပ် ၅ သိန်းအထိ ပေးဆောင်ရမယ်လို့ နိုဝင်ဘာ ၁၀ ရက်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဂျိုးဖြူရေ ရယူသုံးစွဲနေတဲ့ မြို့နယ်တွေမှာ လက်ရှိ ဂျိုးဖြူရေမရရှိတဲ့ ပြဿနာကို ရင်ဆိုင်နေရပြီး ရန်ကုန်မြို့တော်စည်ပင်က ရေပုံမှန်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိဘဲ ရေခိုးသုံးသူတွေကို ဖမ်းဆီးမယ်လို့ ထုတ်ပြန်တာဟာ မရောက်တဲ့နေရာကို ဆီလူးသလို ဖြစ်နေတယ်လို့ ဒဂုံဆိပ်ကမ်းမြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ဂျိုးဖြူရေ ပုံမှန်မရတာကို ဘယ်လိုရအောင်လုပ်ပေးမလဲ မစဉ်းစားဘူး။ ရေခိုးသုံးတဲ့သူကို ဖမ်းဖို့စာထုတ်တယ်။ ခိုးသုံးတာမဟုတ်ဘူး။ အဲဒီလူတွေက စည်ပင်ကို လိုင်းကြေးပေးပြီး ဂျိုးဖြူရေရထားတာ။ အမှတ်တမဲ့ စစ်ဆေးရေးဝင်ကြည့်၊ ညောင်မြစ်တူးရင်း ပုတ်သင်ဥပါ ပေါ်မှာ” လို့ ဝေဖန်ပြောဆိုပါတယ်။
ပြည်သူတွေအနေနဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ ရေပေးဝေရေးစနစ်ကတစ်ဆင့် ရေရယူသုံးစွဲလိုပါက YCDC ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ အိမ်ရေဆက်သွယ်ခွင့် လျှောက်လွှာနဲ့ သက်ဆိုင်ရာမြို့နယ် ရေဖြန့်ဖြူးရေးရုံးတွေမှာ တရားဝင် လျှောက်ထားနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး မြောက်ဒဂုံမြို့ခံတစ်ဦးကလည်း စည်ပင်ဝန်ထမ်းတွေရဲ့ လုပ်ဆောင်ချက်တွေအပေါ် ဝေဖန်ပြောဆိုထားပါတယ်။
“ပြည်သူတွေက ဥပဒေလိုက်နာတယ်။ ဥပဒေချိုးဖောက်တာက ဝန်ထမ်းတွေ။ EPC ဆို မီတာမရှိဘဲ မီးခိုးပေးထားတယ်။ စည်ပင်ဆိုရင် ဂျိုးဖြူရေ မလျှောက်ထားတဲ့အိမ်ကို ဂျိုးဖြူရေပိုက်လိုင်း အခြားအိမ်က သွယ်ပေးတယ်။ အဲဒီလူတွေက ရုံးတွေက သိတယ်။ ဒါပေမဲ့ အရေးမယူဘူး” လို့ သုံးသပ်ပြောဆိုပါတယ်။
ရန်ကုန်မြို့တော်စည်ပင်ရဲ့ ထုတ်ပြန်ချက်မှာ မူလတပ်ဆင်ထားတဲ့ ရေနဲ့သန့်ရှင်းမှုဆိုင်ရာ ပစ္စည်းတွေကို ခွင့်ပြုချက်မရှိဘဲ ပြောင်းလဲခြင်းနဲ့ တိုးချဲ့ခြင်းတွေ ပြုလုပ်ပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၁၃၆ (ဂ) အရ ကျပ်တစ်သိန်းကနေ ကျပ် ၅ သိန်းအထိ ဒဏ်ငွေပေးဆောင်ရမယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိ ရန်ကုန်တိုင်းအတွင်း ပုဇွန်တောင်၊ ဗိုလ်တထောင်၊ အရှေ့ဒဂုံ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ မြောက်ဥက္ကလာပ၊ မင်္ဂလာဒုံ၊ မရမ်းကုန်း၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ ပြည်သူတွေ ဂျိုးဖြူရေမရရှိတဲ့ ပြဿနာကို ကြုံတွေ့နေရပါတယ်။
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်ကို ဂျိုးဖြူရေလှောင်ကန်၊ ဖူးကြီးရေလှောင်ကန်နဲ့ ငမိုးရိပ်ရေလှောင်ကန်တို့ကနေ ရေပေးဝေနေတာဖြစ်ပါတယ်။
