မြန်မာ့အရေးအတွက် ကုလသမဂ္ဂပါဝင်တဲ့ အာဆီယံသဘောတူညီချက်သစ်တစ်ခု ရှာဖွေသင့်တယ်လို့ စင်ကာပူပညာရှင် အကြံပြု

Author CJ Platform
Categories
Published on Nov 13, 2026

မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး အာဆီယံဘုံသဘောတူညီချက် ၅ ချက် (Five-Point Consensus) အကောင်အထည်ဖော်မှု ရပ်တန့်နေတဲ့အတွက် ကုလသမဂ္ဂပါဝင်တဲ့ သဘောတူညီချက်သစ်တစ်ခုကို မြန်မာနိုင်ငံနဲ့ ဆွေးနွေးညှိနှိုင်းသင့်ပြီး အဲဒီသဘောတူညီချက်အပေါ် အခြေခံကာ မြန်မာနိုင်ငံရဲ့ အာဆီယံအစည်းအဝေးတွေမှာ နိုင်ငံရေးအရ ပါဝင်ခွင့်ကို အဆင့်လိုက် ပြန်လည်ခွင့်ပြုသင့်တယ်လို့ ပညာရှင်တစ်ဦးရဲ့ အကြံပြုချက်ကို Bernama သတင်းဌာနက ဖော်ပြလာပါတယ်။

 

စင်ကာပူနိုင်ငံ Nanyang Technological University ရဲ့ S. Rajaratnam School of International Studies (RSIS) မှ အကြီးတန်းတွဲဖက်သုတေသီ ဒေါက်တာ အီလန်ဂို ကာရုပန်နန် (Datuk Dr Ilango Karuppannan) က မြန်မာနိုင်ငံအရေးကို ကိုင်တွယ်ဖြေရှင်းရာမှာ လက်ရှိအသုံးပြုနေတဲ့ ဘုံသဘောတူညီချက် ၅ ချက်ဟာ မြေပြင်အခြေအနေတွေနဲ့ လိုက်လျောညီထွေမှု မရှိတော့ပေမဲ့ အဲဒီသဘောတူညီချက်ရဲ့ မူလရည်ရွယ်ချက်တွေကတော့ ဆက်လက်အရေးပါနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ မြန်မာနိုင်ငံ၌ စစ်တပ်က အာဏာသိမ်းပြီးနောက် အာဆီယံခေါင်းဆောင်တွေ သဘောတူညီခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ချက်မှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ရေး၊ သက်ဆိုင်သူအားလုံးအကြား အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ရေးနဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်ရေးတို့ ပါဝင်ပါတယ်။

 

“အာဆီယံအနေနဲ့ မြန်မာနိုင်ငံနဲ့ ကုလသမဂ္ဂပါဝင်တဲ့ သဘောတူညီချက်သစ်တစ်ခုကို ဆွေးနွေးညှိနှိုင်းသင့်ပါတယ်။ အဲဒီသဘောတူညီချက်နဲ့အလဲအလှယ်အဖြစ် မြန်မာနိုင်ငံကို အာဆီယံထဲ ပြန်လည်ပေါင်းစည်းရေးကို အဆင့်လိုက် ဆောင်ရွက်သင့်ပါတယ်” လို့ ဒေါက်တာ အီလန်ဂိုက မနီလာမြို့မှာ ကျင်းပမယ့် ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေ မတိုင်မီ Bernama သတင်းဌာနကို ပြောကြားတာဖြစ်ပါတယ်။

 

သဘောတူညီချက်သစ်မှာ အကြမ်းဖက်မှုလျှော့ချရေး၊ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ တိုးတက်လာရေးနဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပိုမိုဝင်ရောက်နိုင်ရေးတို့အတွက် တိုင်းတာနိုင်တဲ့ တိကျတဲ့ကတိကဝတ်တွေ ပါဝင်ရမယ်လို့ သူက ဆိုပါတယ်။

 

ဒါ့အပြင် ဒုက္ခသည်တွေ မိမိဆန္ဒအလျောက် ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ခွင့်ကိုလည်း အာမခံပေးရမှာဖြစ်သလို ရိုဟင်ဂျာတွေအတွက် ယုံကြည်စိတ်ချရတဲ့ ကာကွယ်စောင့်ရှောက်မှုတွေလည်း ပေးအပ်ရမယ်လို့ ပြောပါတယ်။

 

သဘောတူညီချက်သစ် ရေးဆွဲရာမှာ မြန်မာစစ်တပ်အာဏာပိုင်တွေ၊ အတိုက်အခံအဖွဲ့တွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေအားလုံး ပါဝင်သင့်ပြီး ကုလသမဂ္ဂကလည်း ပါဝင်ကူညီသင့်တယ်လို့ ဒေါက်တာ အီလန်ဂိုက အကြံပြုပါတယ်။

 

စစ်တပ်အာဏာပိုင်တွေနဲ့သာ သီးသန့်ဆွေးနွေးပြီး သဘောတူညီချက်တစ်ခု ရယူခဲ့မယ်ဆိုရင် အခြားသက်ဆိုင်သူတွေက လက်မခံပါက အကောင်အထည်ဖော်ဖို့ ခက်ခဲနိုင်တယ်လို့ သူက ထောက်ပြပါတယ်။

 

“လက်တွေ့ကျတဲ့ စတင်ဆောင်ရွက်မှုအနေနဲ့ လူသားချင်းစာနာမှုအကူအညီတွေ ဝင်ရောက်နိုင်ရေး၊ အရပ်သားတွေကို ကာကွယ်စောင့်ရှောက်ရေးနဲ့ အကြမ်းဖက်မှုလျှော့ချရေးတို့ကို ဦးတည်ပြီး သက်ဆိုင်သူတစ်ဖွဲ့ချင်းစီနဲ့ သီးခြားဆွေးနွေးမှုတွေ ပြုလုပ်နိုင်ပါတယ်။ အမြဲတမ်းအထူးကိုယ်စားလှယ်က ဒီဆက်သွယ်ဆွေးနွေးရေးလမ်းကြောင်းတွေကို ထိန်းသိမ်းထားသင့်ပြီး ကုလသမဂ္ဂကလည်း ပံ့ပိုးပေးသင့်ပါတယ်။ ဘယ်သူနဲ့ တွေ့ဆုံဆွေးနွေးနိုင်တယ်ဆိုတာကို ဘယ်အဖွဲ့တစ်ဖွဲ့တည်းကမှ ဆုံးဖြတ်ခွင့်မရှိသင့်ပါဘူး” လို့ သူက ပြောပါတယ်။

 

ပြီးခဲ့တဲ့ ဇူလိုင်လက ပြုလုပ်ခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ မြန်မာ့အရေး တိုးချဲ့အလွတ်သဘောဆွေးနွေးပွဲမှာ နှစ်စဉ်အလှည့်ကျ ခန့်အပ်နေတဲ့ အာဆီယံအထူးကိုယ်စားလှယ်စနစ်အစား အမြဲတမ်းအထူးကိုယ်စားလှယ်တစ်ဦး ခန့်အပ်ဖို့ အဆိုပြုခဲ့ကြောင်း သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။

 

အဲဒီအဆိုပြုချက်နဲ့ပတ်သက်ပြီး ဒေါက်တာ အီလန်ဂိုက အာဆီယံရဲ့ ပထမဦးစားပေးလုပ်ငန်းဟာ မြန်မာနိုင်ငံနဲ့ သဘောတူညီချက်သစ်တစ်ခု ရရှိရေးဖြစ်သင့်တယ်လို့ ပြောပါတယ်။

 

သဘောတူညီချက်သစ်တစ်ခု ရရှိဖို့ မဖြစ်နိုင်ပါက အမြဲတမ်းအထူးကိုယ်စားလှယ် ခန့်အပ်ဖို့ လိုအပ်လာမှာဖြစ်ပြီး အဲဒီကိုယ်စားလှယ်က ကုလသမဂ္ဂရဲ့ ပံ့ပိုးမှုနဲ့ ဆွေးနွေးမှုတွေကို ဆက်လက်လုပ်ဆောင်သင့်တယ်လို့ ဆိုပါတယ်။

 

သဘောတူညီချက်သစ်အရ မြန်မာနိုင်ငံက သတ်မှတ်ထားတဲ့ တာဝန်တွေကို လိုက်နာဖို့ သဘောတူညီခဲ့မယ်ဆိုရင် အမြဲတမ်းအထူးကိုယ်စားလှယ် ခန့်အပ်ဖို့ မလိုအပ်တော့ဘူးလို့လည်း သူက ပြောပါတယ်။

 

အာဆီယံအစည်းအဝေးတွေမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်နဲ့ပတ်သက်ပြီးတော့လည်း ရွေးကောက်ပွဲကျင်းပခဲ့တာတစ်ခုတည်းနဲ့ မြန်မာနိုင်ငံကို နိုင်ငံရေးအရ အပြည့်အဝပါဝင်ခွင့် ပြန်ပေးဖို့ မသင့်ကြောင်း ဒေါက်တာ အီလန်ဂိုက ပြောပါတယ်။

 

သဘောတူညီချက်သစ်အရ မြန်မာနိုင်ငံက သတ်မှတ်ထားတဲ့ ကတိကဝတ်တွေကို လိုက်နာဆောင်ရွက်လာတာနဲ့အမျှ အာဆီယံအစည်းအဝေးတွေမှာ ပါဝင်ခွင့်ကိုလည်း အဆင့်လိုက် ဖြေလျှော့ပေးသင့်တယ်လို့ ဆိုပါတယ်။

 

“ကတိပေးရုံနဲ့ အာဆီယံထဲ အပြည့်အဝပြန်လည်ဝင်ရောက်ခွင့်ကို ကြိုတင်ပေးထားတာမျိုး မလုပ်သင့်ပါဘူး။ ဒီလုပ်ငန်းစဉ်ဟာ အဖွဲ့ဝင်အားလုံး သဘောတူထားရမှာဖြစ်ပြီး သဘောတူညီချက်ကို လက်တွေ့အကောင်အထည်ဖော်မှုနဲ့ ချိတ်ဆက်ထားရပါမယ်” လို့ သူက ပြောပါတယ်။

 

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း အာဆီယံဟာ မြန်မာနိုင်ငံကို အဆင့်မြင့်အစည်းအဝေးတွေမှာ နိုင်ငံရေးမဟုတ်တဲ့ ကိုယ်စားလှယ်တွေသာ တက်ရောက်ခွင့်ပြုထားပါတယ်။

 

၂၀၂၆ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားတဲ့ ဖိလစ်ပိုင်နိုင်ငံဟာ “Navigating Our Future, Together” ဆောင်ပုဒ်နဲ့ ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို မနီလာမြို့မှာ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။

 

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကလည်း အဲဒီအစည်းအဝေးတွေမှာ မလေးရှားကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်တက်ရောက်မှာဖြစ်ပါတယ်။

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေးနဲ့ ဘရာဇီးသမ္မတ လူလာဒါဆေးလ်ဗားတို့လည်း ဆက်စပ်ထိပ်သီးအစည်းအဝေးတွေကို တက်ရောက်ဖို့ မျှော်လင့်ထားကြပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း အာဆီယံ-ကုလသမဂ္ဂ ထိပ်သီးအစည်းအဝေးကို တက်ရောက်မယ်လို့ မျှော်လင့်ထားပါတယ်။

 

 

 

Related News

Depend on news