မြန်မာလုပ်သားတွေရဲ့ လုပ်ခ ၂၅ ရာခိုင်နှုန်း မိသားစုထံ လွှဲပို့ခိုင်းမှုနဲ့ CI လုပ်ငန်းစဉ်ကို တရားဝင်ကန့်ကွက်မယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးပြော

Author CJ Platform
Categories
Published on Nov 06, 2026

မြန်မာအလုပ်သမားတွေရဲ့ လုပ်ခလစာ ၂၅ ရာခိုင်နှုန်းကို မိသားစုထံ ပြန်လည်လွှဲပို့ခိုင်းတဲ့ကိစ္စနဲ့ CI (Certificate of Identity) စာရွက်စာတမ်းထုတ်ပေးရာမှာ လုပ်ခလစာမှတ်တမ်း ၃ လကနေ ၆ လအထိ နောက်ကြောင်းပြန် တောင်းခံတဲ့ လုပ်ထုံးလုပ်နည်းတွေကို ထိုင်းအစိုးရက မြန်မာဘက်ထံ တရားဝင်ကန့်ကွက်သွားမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီး ဂျူလဖန် အမ်အိုရမ်ဝီဝပ် (Julaphan Amornvivat) က ပြောပါတယ်။

 

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကတစ်ဆင့် မြန်မာအလုပ်သမားဝန်ကြီးဌာနနဲ့ မြန်မာသံရုံးထံ တရားဝင်စာပေးပို့ကာ လုပ်ထုံးလုပ်နည်းတွေကို နိုင်ငံတကာစံနှုန်းတွေနဲ့အညီ ပြင်ဆင်ပေးဖို့ တောင်းဆိုသွားမယ်လို့ သူက ဆိုပါတယ်။

 

နိုဝင်ဘာ ၆ ရက်မှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ် အလုပ်သမားဝန်ကြီး ဂျူလဖန်က အဲဒီနေ့နံနက်ပိုင်းက ကျင်းပခဲ့တဲ့ နိုင်ငံခြားသားအလုပ်သမား စီမံခန့်ခွဲရေးမူဝါဒကော်မတီအစည်းအဝေးရဲ့ ဆုံးဖြတ်ချက်တွေကို ရှင်းလင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

 

အလုပ်သမားဝန်ကြီးရဲ့ ပြောဆိုချက်အရ CI စင်တာတွေဟာ အလုပ်သမားတွေရဲ့ နိုင်ငံသားဖြစ်မှုနဲ့ ကိုယ်ရေးအထောက်အထားတွေကို မူရင်းနိုင်ငံနဲ့ ချိတ်ဆက်အတည်ပြုဖို့ လိုအပ်တဲ့နေရာတွေဖြစ်ပြီး ထိုင်းနိုင်ငံပိုင်နက်အတွင်းမှာပဲ တည်ရှိနေတာ ဖြစ်ပါတယ်။

 

ဒါကြောင့် CI စင်တာတွေကို ဖျက်သိမ်းဖို့ထက် လက်ရှိလုပ်ငန်းစဉ်တွေကို သင့်လျော်တဲ့ နိုင်ငံတကာစံနှုန်းတွေနဲ့အညီ ပြုပြင်ပြောင်းလဲဖို့ကိုသာ ဦးစားပေးဆောင်ရွက်သွားမယ်လို့ သူက ပြောပါတယ်။

 

မြန်မာအလုပ်သမားတွေရဲ့ လုပ်ခလစာ ၂၅ ရာခိုင်နှုန်းကို မိသားစုထံ ပြန်လည်လွှဲပို့ခိုင်းတာနဲ့ CI စာရွက်စာတမ်းထုတ်ပေးဖို့ လစာမှတ်တမ်း ၃ လကနေ ၆ လအထိ တောင်းခံစစ်ဆေးတာတွေဟာ သင့်လျော်မှုမရှိဘဲ နိုင်ငံခြားမှာ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရရှိထားသူတွေရဲ့ အခွင့်အရေးကို ထိခိုက်စေနိုင်တယ်လို့ ထိုင်းဘက်က ယူဆထားပါတယ်။

 

အဲဒီကိစ္စတွေနဲ့ပတ်သက်ပြီး ထိုင်းအလုပ်သမားဝန်ကြီးဌာနက မြန်မာသံအမတ်ကို နှစ်ကြိမ်တိုင်တိုင် ဖိတ်ခေါ်ဆွေးနွေးခဲ့ပြီးဖြစ်တယ်လို့လည်း ဂျူလဖန်က ပြောပါတယ်။

 

CI စနစ်ကို ဖျက်သိမ်းပြီး ပန်းရောင်ကတ်စနစ်နဲ့ အစားထိုးဖို့ အဆိုပြုချက်နဲ့ပတ်သက်ပြီးတော့ အလွယ်တကူ ဆုံးဖြတ်နိုင်တဲ့ကိစ္စ မဟုတ်ဘူးလို့ အလုပ်သမားဝန်ကြီးက ရှင်းပြပါတယ်။

 

အကြောင်းကတော့ အလုပ်သမားတွေရဲ့ နိုင်ငံသားစိစစ်ရေးကတ်၊ အိမ်ထောင်စုစာရင်းနဲ့ ဇီဝအချက်အလက် (Biometric) တွေကို အတည်ပြုဖို့ မူရင်းနိုင်ငံရဲ့ အသိအမှတ်ပြုမှု လိုအပ်နေတာကြောင့် ဖြစ်ပါတယ်။

 

ထိုင်းနိုင်ငံက တစ်ဖက်သတ်အတည်ပြုမယ်ဆိုရင် အခြားသူတစ်ဦးရဲ့ ကိုယ်ရေးအထောက်အထားကို အသုံးပြုပြီး အခွင့်အရေးရယူတာမျိုး ဖြစ်လာနိုင်သလို အလုပ်သမားတစ်ဦးချင်းစီရဲ့ အထောက်အထားကို စစ်ဆေးခြေရာခံရာမှာလည်း အခက်အခဲရှိလာနိုင်ပြီး နိုင်ငံလုံခြုံရေးအတွက်ပါ အန္တရာယ်ဖြစ်လာနိုင်တယ်လို့ သူက ဆိုပါတယ်။

 

ဒါကြောင့် CI စင်တာတွေကို ဆက်လက်ထားရှိဖို့ လိုအပ်နေသေးပြီး မြန်မာဘက်နဲ့ ညှိနှိုင်းကာ လက်ရှိလုပ်ထုံးလုပ်နည်းတွေကို ပြင်ဆင်သွားမယ်လို့ အလုပ်သမားဝန်ကြီးက ပြောပါတယ်။

 

တစ်ချိန်တည်းမှာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားအလုပ်သမားတွေရဲ့ အလုပ်အကိုင် မပြတ်တောက်စေဖို့ မူရင်းနိုင်ငံတွေနဲ့ MOU ဆိုင်ရာကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ပြီး အဲဒီအစီအစဉ်အရ မြန်မာနဲ့ လာအိုအပါအဝင် အလုပ်သမားပို့လွှတ်တဲ့ နိုင်ငံတွေက အလုပ်သမားတွေဟာ မူရင်းနိုင်ငံကို ပြန်လည်ထွက်ခွာရမှာဖြစ်ပေမဲ့ မူရင်းနိုင်ငံကို ခေတ္တဝင်ရောက်ပြီးနောက် ထိုင်းနိုင်ငံကို ချက်ချင်းပြန်လည်ဝင်ရောက်ကာ အလုပ်ဆက်လုပ်နိုင်မယ့် နည်းလမ်းကို ဆွေးနွေးထားတယ်လို့ အလုပ်သမားဝန်ကြီးက ပြောပါတယ်။

 

ဒီအစီအစဉ်ဟာ ထိုင်းနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေ အလုပ်သမားရှားပါးမှုကြောင့် ရပ်တန့်မသွားစေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

 

ဒါ့အပြင် ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီနဲ့ မတ်လအတွင်း သက်တမ်းကုန်ဆုံးမယ့် အလုပ်လုပ်ခွင့်ပါမစ်တွေကို ၂၀၂၉ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်အထိ သက်တမ်းတိုးပေးဖို့ အစည်းအဝေးက သဘောတူခဲ့တယ်လို့ သိရပါတယ်။

 

တရားဝင်အလုပ်လုပ်ခွင့်ဆိုင်ရာ အခြေအနေတွေ မပြည့်စုံသေးတဲ့ နိုင်ငံခြားသားအလုပ်သမား သုံးနိုင်ငံသားအုပ်စုက လူဦးရေ ၈ သိန်းကျော်ကိုလည်း ထိုင်းနိုင်ငံမှာ ယာယီနေထိုင်ခွင့်နဲ့ နောက်ထပ်တစ်နှစ် အလုပ်လုပ်ခွင့်ပြုဖို့ ဆုံးဖြတ်ခဲ့တယ်လို့ အလုပ်သမားဝန်ကြီးက ပြောပါတယ်။

 

အလုပ်သမားရှားပါးမှုကို ဖြေရှင်းဖို့အတွက် အရင်က MOU လက်မှတ်ရေးထိုးထားတဲ့ သီရိလင်္ကာနိုင်ငံက အလုပ်သမားတွေကိုလည်း ထိုင်းနိုင်ငံကို ခေါ်ယူခွင့်ပြုမယ့် အစီအစဉ်ကို အတည်ပြုခဲ့တယ်လို့ ဆိုပါတယ်။

 

မြန်မာနိုင်ငံက စစ်ဘေးရှောင်တွေကို ထိုင်းနိုင်ငံမှာ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရရှိစေဖို့ ဖြေလျှော့ပေးမယ့် အစီအစဉ်တစ်ခုကိုလည်း ခွင့်ပြုထားပြီး အဲဒီအစီအစဉ်အရ ယာယီခိုလှုံရေးစခန်းတွေရှိတဲ့ ခရိုင်အတွင်း နေထိုင်သူတွေကို အလုပ်လုပ်ခွင့်ပါမစ် သီးခြားမလိုဘဲ အလုပ်လုပ်ကိုင်ခွင့်ပြုမှာဖြစ်ပြီး အလုပ်လုပ်ခွင့်ကာလကိုလည်း တစ်နှစ်ကနေ နှစ်နှစ်အထိ တိုးမြှင့်ပေးသွားမယ်လို့ သိရပါတယ်။

 

ဒီလိုခွင့်ပြုတာဟာ စစ်ဘေးရှောင်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်သလို ထိုင်းအစိုးရရဲ့ စောင့်ရှောက်ရေးဝန်ထုပ်ဝန်ပိုးကိုလည်း လျှော့ချနိုင်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

 

ဒါ့အပြင် အစည်းအဝေး၊ ဟောပြောပွဲ၊ ဆွေးနွေးပွဲ၊ အနုပညာနဲ့ ယဉ်ကျေးမှုဖျော်ဖြေပွဲတွေ၊ အားကစားပြိုင်ပွဲတွေမှာ ပါဝင်ဖို့ ထိုင်းနိုင်ငံကို လာရောက်တဲ့ နိုင်ငံခြားသားတွေကို အလုပ်လုပ်ခွင့်ပါမစ် လျှောက်ထားစရာမလိုတဲ့ ကင်းလွတ်ခွင့်ပေးရေးကိုလည်း ဆွေးနွေးခဲ့ပါတယ်။ ဒီကိစ္စကိုတော့ လာမယ့်အစည်းအဝေးမှာ ဥပဒေကြောင်းအရ ဆက်လက်ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

 

မြန်မာနိုင်ငံအတွင်း မတည်ငြိမ်မှုတွေ ဆက်လက်ဖြစ်ပွားနေတဲ့အခြေအနေမှာလည်း အလုပ်သမားတွေရဲ့ ကိုယ်ရေးအထောက်အထားတွေကို စိစစ်အတည်ပြုပြီးတဲ့ အချို့အခြေအနေတွေမှာ အလုပ်လုပ်ခွင့်သက်တမ်းတိုးပေးနိုင်ဖို့ ထိုင်းအစိုးရမှာ ဝန်ကြီးချုပ်ရုံးဝန်ကြီးများအဖွဲ့ရဲ့ အတည်ပြုချက်နဲ့ ဆောင်ရွက်နိုင်တဲ့ ယန္တရားတွေရှိတယ်လို့ အလုပ်သမားဝန်ကြီးက ပြောပါတယ်။

 

ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ အဓိကရည်မှန်းချက်ဟာ နိုင်ငံခြားသားအလုပ်သမားအားလုံးကို တရားဝင်စနစ်အတွင်း မှတ်ပုံတင်ဝင်ရောက်စေဖို့ဖြစ်တယ်လို့ ဂျူလဖန်က ပြောပါတယ်။ 

 

အဲဒီလိုဆောင်ရွက်ခြင်းအားဖြင့် အလုပ်သမားတွေရဲ့ ကိုယ်ရေးအထောက်အထား၊ နေထိုင်ရာလိပ်စာနဲ့ ဥပဒေလိုက်နာမှုတွေကို စစ်ဆေးနိုင်သလို ထိုင်းနိုင်ငံအတွင်း မလိုလားအပ်တဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ ဖြစ်ပေါ်လာတာကိုလည်း ကာကွယ်နိုင်မယ်လို့ သူက ဆိုပါတယ်။