မန္တလေး ဖုန်းဆိုင်နဲ့ ဆိုလာဆိုင် သေနတ်ပစ်ဖောက် လုယက်သူကို ဖမ်းရာ မိသားစုဝင် ၃ ဦးပါ ဖမ်းဆီးခေါ်ဆောင်ခံရ

Author CJ Platform
Categories
Published on Nov 06, 2026

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်မှာ ဖုန်းဆိုင်နဲ့ ဆိုလာဆိုင်တွေကို သေနတ်ပစ်ဖောက် လုယက်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ အမျိုးသားတစ်ဦးကို နိုဝင်ဘာ ၅ ရက်မှာ စစ်အုပ်စုက ဖမ်းဆီးရာမှာ အတူနေ မိသားစုဝင် ၃ ဦးကိုပါ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

 

နိုဝင်ဘာ ၅ ရက် ညနေ ၃ နာရီခွဲဝန်းကျင်မှာ ပုသိမ်ကြီးမြို့နယ်၊ အရှေ့ကန်ကောက်ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၂၇ နှစ်အရွယ် ကိုနေလင်းအောင်ကို စစ်အုပ်စုတပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေက ဝင်ရောက်ဖမ်းဆီးခဲ့ရာမှာ အတူနေ မိသားစုဝင် ၃ ဦးကိုပါ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“အပြစ်ရှိတဲ့သူကို ဖမ်းတာ မပြောလိုပေမဲ့ တစ်အိမ်တည်း အတူနေတဲ့ မိဘတွေနဲ့ မိန်းမပါ ဘာမှမဆိုင်ဘဲ ဖမ်းတာတော့ မကောင်းဘူး။ စစ်တပ်ရော၊ ရဲရော အင်အားအလုံးအရင်းနဲ့ လာဖမ်းတာ” လို့ သူက ပြောပါတယ်။

 

ကိုနေလင်းအောင်ကို စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက ရိုက်နှက်ထိုးကြိတ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကာ စစ်ကြောရေးကို ပို့ဆောင်ခဲ့ပြီး မိသားစုဝင် ၃ ဦးကိုတော့ သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေနဲ့အတူ ဓာတ်ပုံမှတ်တမ်း ရိုက်ကူးခဲ့တယ်လို့ အဲဒီမြို့ခံက ပြောပါတယ်။

 

ကိုနေလင်းအောင်နဲ့အတူ ဖမ်းဆီးခံရသူတွေမှာ သူ့ရဲ့ဖခင် ဦးကျော်ဆန်း၊ မိခင် ဒေါ်တင့်နဲ့ ဇနီး မပန်းအိဇင်တို့ ဖြစ်တယ်လို့ သိရပါတယ်။

 

နိုဝင်ဘာ ၄ ရက်က ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်အတွင်းရှိ Lwin Mobile Phone ဆိုင်နဲ့ Pro Solar Energy & LED Lighting အရောင်းဆိုင်တို့ကို ကိုနေလင်းအောင်က သေနတ်နဲ့ ပစ်ဖောက်ပြီး လုယက်ခဲ့တာဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

 

လက်ရှိမှာ ချမ်းမြသာစည်မြို့နယ်ရဲစခန်းက ကိုနေလင်းအောင်၊ ဦးကျော်ဆန်း၊ ဒေါ်တင့်နဲ့ မပန်းအိဇင်တို့ကို စစ်ဆေးနေတယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက် မနက် ၇ နာရီကလည်း ချမ်းမြသာစည်မြို့နယ်၊ သိပ္ပံလမ်းရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) ရုံးအနီးမှာ စည်ပင်ဝန်ထမ်းတစ်ဦးကို သတ်ဖြတ်ပြီး ရွှေထည်ပစ္စည်းတွေ လုယက်သွားတဲ့ လူငယ်တစ်ဦးနဲ့ အိုးဝေယာဉ်မောင်းတစ်ဦးကို စစ်အုပ်စုက ဖမ်းဆီးခဲ့တာလည်း ရှိပါတယ်။

 

ဓာတ်ပုံ – မှုခင်း