SCEF ကိုယ်စားလှယ်အဖွဲ့နဲ့ ကိုရီးယားလွှတ်တော်အမတ်တွေ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီရေး ဆွေးနွေး

Author CJ Platform
Categories
Published on Nov 06, 2026

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကိုယ်စားလှယ်အဖွဲ့နဲ့ တောင်ကိုရီးယား အမျိုးသားလွှတ်တော်အမတ်တွေဟာ နိုဝင်ဘာ ၅ ရက်မှာ တွေ့ဆုံပြီး မြန်မာ့နိုင်ငံရေးအခြေအနေ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနဲ့ ကိုရီးယားနိုင်ငံက ပူးပေါင်းကူညီနိုင်မယ့် အခန်းကဏ္ဍတွေကို ဆွေးနွေးခဲ့ကြတယ်လို့ SCEF က သတင်းထုတ်ပြန်ပါတယ်။

 

“Myanmar’s Path to a Federal Democratic Union: SCEF’s Role and Opportunities for the Republic of Korea” ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့ အဲဒီဆွေးနွေးပွဲကို ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ် အီယုန်ဆွန်း၊ Rebuilding Korea Party (RKP) လွှတ်တော်အမတ်တွေ ဦးဆောင်တဲ့အဖွဲ့နဲ့ လွှတ်တော်နိုင်ငံခြားရေးနဲ့ ငြိမ်းချမ်းရေးဖိုရမ်တို့က ပူးတွဲစီစဉ်ခဲ့တာ ဖြစ်ပါတယ်။

 

ဆွေးနွေးပွဲကို RKP လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ကိုရီးယားအမတ် ကင်ဂျွန်းဟျောင်း (Kim Jun-hyung) ဦးဆောင်တက်ရောက်ခဲ့ပြီး အမတ် ကင်ဟျောင်ယွန်း (Kim Hyung Yun)၊ ဘက်ဆွန်ဟီး (Baek Sun Hee) နဲ့ ဂန်ဂျောင်ဆု (Kang Gyeong Sook) တို့လည်း ပါဝင်ခဲ့ပါတယ်။ ဆွေးနွေးပွဲသဘာပတိအဖြစ် Dong-A တက္ကသိုလ် နိုင်ငံတကာလေ့လာရေးဌာန ပါမောက္ခ ဝန်းဒုံအု (Won Dong-uk) က ဆောင်ရွက်ခဲ့ပါတယ်။

 

SCEF ကိုယ်စားလှယ်အဖွဲ့မှာ SCEF အတွင်းရေးမှူးအဖွဲ့ဝင်ဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ KNPP အတွင်းရေးမှူး (၁) နဲ့ Karenni IEC နိုင်ငံခြားရေးရာကော်မတီတာဝန်ခံ Neineh Plo၊ CNF အထွေထွေအတွင်းရေးမှူး Salai Thla Hei နဲ့ SCEF ဘဏ္ဍာရေးလုပ်ငန်းအဖွဲ့ဝင် NUG စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်တို့ ပါဝင်ခဲ့ပါတယ်။

 

ဆွေးနွေးပွဲမှာ SCEF ကိုယ်စားလှယ်တွေက မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအခြေအနေ၊ SCEF ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် လုပ်ဆောင်နေတဲ့ အခြေအနေတွေကို ရှင်းလင်းတင်ပြခဲ့ပါတယ်။

 

ဒါ့အပြင် ကိုရီးယားနိုင်ငံအနေနဲ့ နိုင်ငံရေးအရ ထောက်ခံပေးရုံတင်မကဘဲ လက်တွေ့ကျတဲ့ အကူအညီတွေပါ ပေးအပ်ဖို့ SCEF ကိုယ်စားလှယ်တွေက တောင်းဆိုခဲ့ပါတယ်။ ပြည်တွင်းနဲ့ နယ်စပ်ဒေသတွေမှာ လိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို SCEF နဲ့ ချိတ်ဆက်ပြီး နယ်မြေထိန်းချုပ်ထားနိုင်တဲ့ SCEF အဖွဲ့ဝင်အဖွဲ့အစည်းတွေကတစ်ဆင့် ပေးအပ်နိုင်ဖို့ ဆောင်ရွက်စေလိုကြောင်း၊ ကိုရီးယားနဲ့ အာဆီယံအကြား ဆက်ဆံရေးကတစ်ဆင့် မြန်မာ့ဒီမိုကရေစီရေးအတွက် တွန်းအားပေးမှုတွေ တိုးမြှင့်စေလိုကြောင်းလည်း တင်ပြခဲ့ပါတယ်။

 

အဲဒီနောက် ကိုရီးယားလွှတ်တော်အမတ်တွေနဲ့ ဆွေးနွေးပွဲသဘာပတိက SCEF မှာ အဓိကအဖွဲ့အစည်းတချို့ ပါဝင်လာခြင်းမရှိသေးတဲ့အပေါ် ဘယ်လိုကျော်လွှားမလဲ၊ တိုင်းရင်းသားလူမျိုးတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ဖက်ဒရယ်အစိုးရရဲ့ အာဏာတွေကို ဘယ်လိုခွဲဝေသတ်မှတ်မလဲဆိုတာ မေးမြန်းခဲ့ကြပါတယ်။

 

ဒါ့အပြင် စစ်အုပ်စုက စစ်အုပ်ချုပ်ရေးကို အရပ်သားအစိုးရပုံစံ ပြောင်းလဲပြီး နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုရဖို့ ကြိုးပမ်းနေတဲ့အပေါ် ဘယ်လိုတုံ့ပြန်မလဲ၊ တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေကို ဖက်ဒရယ်ဒီမိုကရေစီစနစ်ဆီ ကူးပြောင်းရေးကသာ ရေရှည်အကျိုးစီးပွားနဲ့ ကိုက်ညီကြောင်း ဘယ်လိုစည်းရုံးမလဲ၊ ကိုရီးယားလွှတ်တော်နဲ့ အစိုးရထံက ဘယ်လိုပူးပေါင်းဆောင်ရွက်မှုတွေကို ဦးစားပေးတောင်းဆိုလိုသလဲဆိုတာတွေကိုလည်း မေးမြန်းခဲ့ကြပါတယ်။

 

အဲဒီမေးခွန်းတွေကို SCEF ကိုယ်စားလှယ်တွေက ပြန်လည်ဖြေကြားရာမှာ SCEF ဟာ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ဖက်ဒရယ်ယူနစ်တွေနဲ့ တော်လှန်ရေးအင်အားစုအားလုံးကို ထိတွေ့ဆွေးနွေးနေပြီး ဘုံသဘောတူညီချက်တွေအပေါ် အခြေခံကာ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

 

စစ်အုပ်စုဟာ အရပ်သားပြည်သူတွေကို နေ့စဉ် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့အတွက် ကိုရီးယားအပါအဝင် နိုင်ငံတကာက စစ်အုပ်စုကို အသိအမှတ်မပြုတဲ့ လက်ရှိရပ်တည်ချက်ကို ဆက်လက်ထိန်းသိမ်းသင့်တယ်လို့လည်း SCEF ကိုယ်စားလှယ်တွေက တင်ပြခဲ့ပါတယ်။

 

တရုတ်၊ အိန္ဒိယနဲ့ အာဆီယံအပါအဝင် အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ နယ်မြေတည်ငြိမ်မှုကို အာမခံနိုင်ပြီး မူဝါဒတစ်ခုတည်းနဲ့ ဆက်ဆံနိုင်တဲ့ မဟာမိတ်တပ်ပေါင်းစုကို မိတ်ဖက်အဖြစ် လိုလားလာနိုင်ကြောင်းလည်း ရှင်းပြခဲ့ပါတယ်။

 

ကိုရီးယားအစိုးရနဲ့ လွှတ်တော်ထံ မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ ကုလသမဂ္ဂသံအမတ်ကြီးကို ဆက်လက်ထောက်ခံပေးဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပေးအပ်ဖို့ကိုလည်း SCEF ကိုယ်စားလှယ်တွေက တောင်းဆိုခဲ့ပါတယ်။

 

အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို နိုဝင်ဘာ ၅ ရက် မွန်းလွဲပိုင်းမှာ အဆုံးသတ်ခဲ့တယ်လို့ SCEF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

 

Related News

Depend on news