စစ်စံထွန်းဆေးရုံမှာ ဓာတ်မှန်လာရိုက်တဲ့ အချုပ်သားတစ်ဦး ထွက်ပြေး
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် စစ်စံထွန်းဆေးရုံမှာ နိုဝင်ဘာ ၄ ရက်က ဓာတ်မှန်လာရိုက်တဲ့ အချုပ်သားတစ်ဦး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အေးသာယာနယ်မြေရဲစခန်းက မူးယစ်ဆေးဝါးပုဒ်မ ၁၉ (က)/၂၁ နဲ့ ဖမ်းဆီးထားတဲ့ အချုပ်သားတစ်ဦးဟာ ဒူးခေါင်းဓာတ်မှန်လာရိုက်စဉ် ထွက်ပြေးလွတ်မြောက်သွားတာလို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“မနေ့ နေ့လယ် ၁၂ နာရီက စစ်စံထွန်းဆေးရုံမှာ ဓာတ်မှန်လာရိုက်တဲ့ အချုပ်သားတစ်ဦး ထွက်ပြေးသွားတယ်လို့ ကြားတယ်။ မူးယစ်ဆေးဝါးနဲ့ ဖမ်းထားတဲ့သူဆိုတော့ ထွက်ပြေးတာလား၊ ရဲတွေကပဲ လွှတ်ပေးလိုက်တာလား မသိဘူး” လို့ ပြောပါတယ်။
ထွက်ပြေးလွတ်မြောက်သွားသူဟာ မူးယစ်ဆေးဝါးပုဒ်မ ၁၉ (က)/၂၁ နဲ့ အမှုဖွင့်ခံထားရသူ ကိုဝဏ္ဏအောင်ဖြစ်ပြီး လက်ရှိအချိန်အထိ ပြန်လည်ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက CJ Platform ကို ပြောပါတယ်။
“အခုချိန်ထိတော့ ထွက်ပြေးသွားတဲ့ အချုပ်သားကို ဖမ်းမမိသေးဘူး။ ရဲတွေက တောင်ကြီးနဲ့ အေးသာယာမှာ လိုက်လံရှာဖွေနေတယ်။ ပြည်နယ်ရဲတပ်ဖွဲ့ကလည်း ဖိအားပေးနေတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁၃ ရက်ကလည်း တောင်ကြီးမြို့နယ်ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အချုပ်သားနှစ်ဦး ထွက်ပြေးခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
