စစ်အုပ်စုနဲ့ ပူးပေါင်းပြီး ထိုင်းဘဏ်တွေက မြန်မာနဲ့ ထိုင်းကုမ္ပဏီတွေကို ချေးငွေပေးဖို့ စီစဉ်နေ၊ မြန်မာအလုပ်သမားတွေရဲ့ လုပ်ခလစာ တရားဝင်လွှဲပို့ရေးလည်း ဆွေးနွေး

Author CJ Platform
Categories
Published on Nov 04, 2026

မြန်မာနိုင်ငံမှာ ဘဏ်ခွဲဖွင့်လှစ်ထားတဲ့ ထိုင်းဘဏ်တွေက မြန်မာနဲ့ ထိုင်းကုမ္ပဏီတွေကို ချေးငွေထုတ်ပေးဖို့ ရည်ရွယ်ထားပြီး ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေရဲ့ လုပ်ခလစာကို မြန်မာနိုင်ငံထဲ တရားဝင်လမ်းကြောင်းကနေ လွှဲပို့နိုင်ရေးကိုလည်း ဆွေးနွေးခဲ့တယ်လို့ စစ်အုပ်စုက ထုတ်ပြန်ပါတယ်။

 

နိုဝင်ဘာ ၃ ရက်က နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှာ စစ်အုပ်စုရဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာ ခင်နိုင်ဦးနဲ့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ် မစ္စတာ Tor Saralamba တို့ တွေ့ဆုံစဉ် ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

 

တွေ့ဆုံမှုမှာ ထိုင်းသံအမတ်က မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ကိုင်နေတဲ့ ထိုင်းကုမ္ပဏီတွေရဲ့ အမြတ်ဝေစုနဲ့ ချေးငွေပြန်ဆပ်ငွေတွေကို ထိုင်းနိုင်ငံဆီ ပြန်လည်လွှဲပို့နိုင်ရေးနဲ့ အဲဒီငွေတွေကို နောက်ပိုင်းမှာ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေမှာ ပြန်လည်အသုံးပြုသွားမယ်လို့လည်း ထိုင်းသံအမတ်က ပြောဆိုခဲ့ကြောင်း စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ဒါ့အပြင် မြန်မာနိုင်ငံမှာ ဘဏ်ခွဲဖွင့်လှစ်ထားတဲ့ ထိုင်းဘဏ်တွေက မြန်မာကုမ္ပဏီတွေနဲ့ ထိုင်းကုမ္ပဏီတွေကို ချေးငွေထုတ်ပေးဖို့ ရည်ရွယ်ထားပြီး အဲဒီအစီအစဉ်ဟာ မြန်မာနိုင်ငံရဲ့ ရေရှည်စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်တယ်လို့ ထိုင်းသံအမတ်က ပြောခဲ့ပါတယ်။

 

ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေရဲ့ လုပ်ခလစာကို မိသားစုတွေဆီ တရားဝင်ငွေလွှဲလမ်းကြောင်းတွေကတစ်ဆင့် ပြန်လည်ပို့နိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြပြီး ဗဟိုဘဏ်ဥက္ကဋ္ဌကတော့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ ငွေလွှဲပို့မှုမှာ တရားမဝင်ငွေလွှဲလမ်းကြောင်းတွေကို အားပေးရာမရောက်စေဖို့ လိုအပ်တဲ့အစီအမံတွေ ဆောင်ရွက်နေကြောင်း ပြောဆိုခဲ့တယ်လို့ စစ်အုပ်စုက ထုတ်ပြန်ပါတယ်။

 

တစ်ဖက်မှာတော့ ထိုင်းရောက် မြန်မာအလုပ်သမားတွေဟာ သူတို့ရဲ့ ငွေကြေးတွေ စစ်အုပ်စုအတွက် လက်နက်ဝယ်ယူရေးမှာ အထောက်အပံ့မဖြစ်စေဖို့ CI စာအုပ်လုပ်ဆောင်မှုကို ရပ်တန့်ပေးရေးနဲ့ စစ်အုပ်စုက နှစ်ထပ်အခွန်သဘောမျိုး ငွေတောင်းခံနေမှုကို ရပ်ဆိုင်းပေးရေးတို့အတွက် ထိုင်းအစိုးရကို တောင်းဆိုနေကြပါတယ်။

 

ဓာတ်ပုံ – Pro-SAC