ဘယ်လ်ဂျီယံကုမ္ပဏီ ScioTeq ရဲ့ စစ်ဘက်သုံးနည်းပညာတွေ အိန္ဒိယကုမ္ပဏီ BEL ကတစ်ဆင့် မြန်မာစစ်အုပ်စုထံ ရောက်ရှိနေနိုင်
ဘယ်လ်ဂျီယံကုမ္ပဏီ ScioTeq က ထုတ်လုပ်တဲ့ အဆင့်မြင့်မျက်နှာပြင်ပြစနစ်တွေဟာ အိန္ဒိယကုမ္ပဏီ Bharat Electronics Limited (BEL) ကတစ်ဆင့် မြန်မာစစ်အုပ်စုထံ ရောက်ရှိနေနိုင်တယ်လို့ ဘယ်လ်ဂျီယံသတင်းစာ De Morgen က အောက်တိုဘာ ၃၁ ရက်မှာ ဖော်ပြပါတယ်။
De Morgen ရဲ့ စုံစမ်းဖော်ထုတ်ချက်အရ ဘယ်လ်ဂျီယံနိုင်ငံ ဖလန်းဒါးစ်ဒေသအခြေစိုက် ကာကွယ်ရေးနည်းပညာကုမ္ပဏီ ScioTeq ဟာ BEL နဲ့ ကျယ်ပြန့်တဲ့ စီးပွားရေးဆက်ဆံမှုတွေရှိနေပြီး သူ့ရဲ့ မျက်နှာပြင်ပြစနစ်တွေကို BEL ထုတ် စစ်ဘက်သုံးစနစ်တွေမှာ ထည့်သွင်းအသုံးပြုနေပါတယ်။
အဲဒီနည်းပညာတွေကို သုံးဖက်မြင် (3D) စောင့်ကြည့်ရေးရေဒါ၊ ကမ်းရိုးတန်းစောင့်ကြည့်ရေးစနစ်၊ အကြီးစားလက်နက်ထိန်းချုပ်ရေးစနစ်နဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေမှာ အသုံးပြုထားတယ်လို့ BEL ရဲ့ ဝက်ဘ်ဆိုက်အချက်အလက်တွေကို ကိုးကားပြီး De Morgen က ဖော်ပြပါတယ်။
BEL ဟာ မြန်မာစစ်အုပ်စုထံ လေကြောင်းရန်ကာကွယ်ရေးနဲ့ ကမ်းရိုးတန်းစောင့်ကြည့်ရေးစနစ်တွေအပါအဝင် စစ်ဘက်သုံးပစ္စည်းတွေ ရောင်းချခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ Justice For Myanmar ရဲ့ ဖော်ထုတ်ချက်အရ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း BEL ဟာ မြန်မာစစ်အုပ်စုနဲ့ စစ်လက်နက်ပွဲစားတွေထံ စစ်ဘက်သုံးပစ္စည်းတွေ ဆက်လက်ထောက်ပံ့ခဲ့ပါတယ်။
၂၀၂၃ ခုနှစ် ကုလသမဂ္ဂအစီရင်ခံစာမှာလည်း BEL ကို မြန်မာစစ်အုပ်စုထံ စစ်လက်နက်ပစ္စည်းပေးသွင်းသူအဖြစ် ဖော်ပြခဲ့ပါတယ်။ မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်းရောင်းချမှုတွေကြောင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့တချို့ကလည်း BEL မှာ ရင်းနှီးမြှုပ်နှံထားမှုတွေကို ဖယ်ရှားခဲ့ကြပါတယ်။
Justice For Myanmar က De Morgen ကို မျှဝေထားတဲ့ ကုန်ပစ္စည်းတင်ပို့မှုမှတ်တမ်းတွေအရ ၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ ၂၀၂၆ ခုနှစ် မတ်လအထိ BEL ကနေ မြန်မာနိုင်ငံကို ကုန်ပစ္စည်းအနည်းဆုံး ၁၈၁ ကြိမ် တင်ပို့ခဲ့ပါတယ်။ အဲဒီတင်ပို့မှုတွေထဲမှာ စစ်အုပ်စုနဲ့ စစ်လက်နက်ပွဲစားတွေထံ ပေးပို့မှုတွေလည်း ပါဝင်ပြီး ၂၀၂၄ ခုနှစ် မတ်လမှာ မြန်မာစစ်တပ်ထံ ပေးပို့ခဲ့တဲ့ 3D စောင့်ကြည့်ရေးရေဒါအတွက် ထိန်းချုပ်ခလုတ်ခုံတစ်ခုလည်း ပါဝင်တယ်လို့ Justice For Myanmar က ဖော်ပြပါတယ်။ ဒါ့အပြင် BEL ဟာ ၂၀၂၅ ခုနှစ် အောက်တိုဘာလအထိ မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နေခဲ့တယ်လို့ အဖွဲ့အစည်းက ဆိုပါတယ်။
ScioTeq ဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ အိန္ဒိယနိုင်ငံ ဘန်ဂလိုမြို့မှာ သူ့ရဲ့ ရာနှုန်းပြည့်ပိုင် လက်အောက်ခံကုမ္ပဏီ ScioTeq Pvt Ltd ကို တည်ထောင်ခဲ့ပါတယ်။ အဲဒီအချိန်က ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဒေသတွင်းမိတ်ဖက်တွေနဲ့ ပူးပေါင်းပြီး ကာကွယ်ရေးဈေးကွက်အတွက် ထုတ်ကုန်နဲ့ နည်းပညာတွေကို ဒေသတွင်းမှာ ရောင်းချထုတ်လုပ်နိုင်ဖို့ ရည်ရွယ်ထားကြောင်း ဖော်ပြခဲ့ပါတယ်။
ScioTeq က ထုတ်လုပ်မှုလုပ်ငန်းတချို့ကို အိန္ဒိယနိုင်ငံဆီ ရွှေ့ပြောင်းဖို့ရှိနေတာကြောင့် သူ့ရဲ့ နည်းပညာတွေ မြန်မာစစ်တပ်ထံ ရောက်ရှိသွားနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ De Morgen က ဖော်ပြပါတယ်။ အိန္ဒိယနိုင်ငံဟာ မြန်မာစစ်အုပ်စုထံ လက်နက်နဲ့ စစ်ဘက်သုံးပစ္စည်းတွေ အဓိကရောင်းချပေးနေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံကို လက်နက်တင်ပို့မှု တားမြစ်ထားတဲ့ ဥပဒေလည်း မရှိဘူးလို့ ဆိုပါတယ်။
ဥရောပသမဂ္ဂကတော့ မြန်မာနိုင်ငံကို လက်နက်နဲ့ ဆက်စပ်စစ်ဘက်သုံးပစ္စည်းတွေ ရောင်းချခြင်း၊ ပံ့ပိုးခြင်း၊ လွှဲပြောင်းခြင်းနဲ့ တင်ပို့ခြင်းတို့ကို တားမြစ်ထားပါတယ်။ အဲဒီကန့်သတ်ချက်တွေကို ရှောင်လွှဲဖို့ ရည်ရွယ်တဲ့ လုပ်ဆောင်မှုတွေကိုလည်း တားမြစ်ထားတာကြောင့် ScioTeq အနေနဲ့ အဆိုပါစည်းမျဉ်းတွေကို လိုက်နာရမှာဖြစ်ပါတယ်။
ဒါ့အပြင် ScioTeq ရဲ့ နည်းပညာတွေ အိန္ဒိယကတစ်ဆင့် ဒဏ်ခတ်ပိတ်ဆို့ခံထားရတဲ့ ရုရှားအဖွဲ့အစည်းတွေဆီ ရောက်ရှိခဲ့မှုနဲ့ပတ်သက်ပြီး လိုအပ်တဲ့ ကြိုတင်စိစစ်မှုတွေ ဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့ဖွယ်ရှိတယ်လို့ ဘယ်လ်ဂျီယံစစ်ဘက်ထောက်လှမ်းရေးက တွေ့ရှိခဲ့ပါတယ်။ အဲဒီနောက် ဘယ်လ်ဂျီယံဖက်ဒရယ်အစိုးရရှေ့နေရုံးက ScioTeq ရဲ့ ပို့ကုန်လိုင်စင်လျှောက်ထားမှုတွေနဲ့ ဆက်စပ်တဲ့ စုံစမ်းစစ်ဆေးမှုတစ်ရပ် စတင်နေပြီလို့ De Morgen က ဖော်ပြပါတယ်။
Justice For Myanmar ကတော့ ScioTeq အနေနဲ့ BEL နဲ့ ပူးပေါင်းဆောင်ရွက်မှုကို ချက်ချင်းရပ်တန့်ဖို့နဲ့ သူ့ရဲ့နည်းပညာတွေ မြန်မာနိုင်ငံဆီ ထပ်ဆင့်ရောင်းချတာ၊ ထောက်ပံ့တာတွေ မဖြစ်နိုင်စေဖို့ တင်းကျပ်တဲ့ စည်းကမ်းချက်တွေ ချမှတ်ဖို့ တောင်းဆိုထားပါတယ်။ ဒါ့အပြင် ဘယ်လ်ဂျီယံအာဏာပိုင်တွေကိုလည်း ScioTeq ရဲ့ နည်းပညာတွေ မြန်မာစစ်တပ်ထံ ရောက်ရှိခဲ့ခြင်းရှိမရှိ စုံစမ်းစစ်ဆေးဖို့နဲ့ ပို့ကုန်ထိန်းချုပ်ရေးအစီအမံတွေ ပိုမိုတင်းကျပ်ဖို့ တိုက်တွန်းထားပါတယ်။
ဓာတ်ပုံ – De Morgen
#CJPlatform #မြန်မာစစ်အုပ်စု #စစ်လက်နက်တင်ပို့မှု #ဘယ်လ်ဂျီယံ #အိန္ဒိယ
