ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုအတွက် ICJ စီရင်ချက်ချဖို့ ၁၅ရက်သာ လိုတော့
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆိုထားတဲ့အမှုကို လာမယ့် နိုဝင်ဘာ ၁၉ ရက်မှာ စီရင်ချက်ချမယ်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က နိုဝင်ဘာ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
စီရင်ချက်ကို နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ Peace Palace မှာ ICJ တရားရုံးဥက္ကဋ္ဌ တရားသူကြီး အီဝါဆာဝါ ယူဂျီက ဖတ်ကြားကြေညာမှာဖြစ်ပါတယ်။
ဂမ်ဘီယာနိုင်ငံဟာ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၁ ရက်မှာ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ တားဆီးကာကွယ်ရေးနဲ့ အပြစ်ပေးရေး သဘောတူစာချုပ်ကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ICJ မှာ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
အမှုမှာ ၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်း ရခိုင်ပြည်မြောက်ပိုင်းမှာ စစ်အုပ်စုနဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ရိုဟင်ဂျာတွေအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ အဓမ္မကျင့်မှုနဲ့ မီးရှို့မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ပါဝင်ပါတယ်။ အဲဒီဖြစ်ရပ်တွေကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက ပြောထားပါတယ်။
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူစာချုပ်အောက်က တာဝန်ဝတ္တရားတွေကို ချိုးဖောက်ခဲ့ကြောင်း ဆုံးဖြတ်ပေးဖို့၊ ချိုးဖောက်မှုတွေကို ရပ်တန့်ဖို့နဲ့ နစ်နာခဲ့ရတဲ့ ရိုဟင်ဂျာတွေအတွက် ပြန်လည်ကုစားပေးဖို့ ICJ ကို တောင်းဆိုထားပါတယ်။ အလားတူဖြစ်ရပ်တွေ ထပ်မံမဖြစ်ပွားစေရေး အာမခံချက်ပေးဖို့လည်း တောင်းဆိုထားပါတယ်။
အမှုစတင်တင်သွင်းချိန်မှာ ဂမ်ဘီယာက ယာယီကာကွယ်စောင့်ရှောက်ရေးအစီအမံတွေ ချမှတ်ပေးဖို့ တောင်းဆိုခဲ့ပြီး ICJ က ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၃ ရက်မှာ မြန်မာနိုင်ငံ လိုက်နာရမယ့် ယာယီအစီအမံတွေကို ချမှတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံက ICJ ရဲ့ တရားစီရင်ပိုင်ခွင့်နဲ့ အမှုလက်ခံနိုင်ခြင်းအပေါ် ကန့်ကွက်ခဲ့ပေမဲ့ ICJ က ၂၀၂၂ ခုနှစ် ဇူလိုင် ၂၂ ရက်မှာ အဲဒီကန့်ကွက်ချက်တွေကို ပယ်ချပြီး အမှုကို ဆက်လက်စစ်ဆေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အဲဒီနောက် ဂမ်ဘီယာနဲ့ မြန်မာနိုင်ငံတို့က အမှုနဲ့ပတ်သက်တဲ့ အဓိကလျှောက်လဲချက်တွေနဲ့ ပြန်လည်ချေပချက်တွေကို တင်သွင်းခဲ့ကြပါတယ်။ ဒါ့အပြင် ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ဗြိတိန်၊ မော်လ်ဒိုက်၊ ဆလိုဗေးနီးယား၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဘယ်လ်ဂျီယံနဲ့ အိုင်ယာလန် စုစုပေါင်း ၁၁ နိုင်ငံကလည်း အမှုမှာ ကြားဝင်ပါဝင်ခွင့် လျှောက်ထားခဲ့ပြီး ICJ က လက်ခံခဲ့ပါတယ်။
နိုဝင်ဘာ ၁၉ ရက်မှာ ချမှတ်မယ့် စီရင်ချက်ဟာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တင်သွင်းထားတဲ့ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ အမှုအတွက် ICJ ရဲ့ အပြီးသတ်စီရင်ချက်ဖြစ်ပါတယ်။
ပုံစာ – လူမျိုးတုံးသတ်ဖြတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ရိုဟင်ဂျာကလေးငယ်များကို ဒုက္ခသည်စခန်းတစ်ခုအတွင်း မြင်ရပုံ
