ရခိုင်က မြို့နယ် ၄ ခုကို စစ်အုပ်စု လေကြောင်းဗုံးကြဲ၊ မွေးကင်းစကလေးအပါအဝင် ၁၂ ဦးသေဆုံးပြီး ၃၂ ဦး ဒဏ်ရာရ
ရခိုင်ပြည်က ကျောက်တော်၊ မြောက်ဦး၊ ကျောက်ဖြူနဲ့ ပေါက်တောမြို့နယ်တွေကို စစ်အုပ်စုက နိုဝင်ဘာ ၁ ရက်မှာ တစ်ရက်တည်း လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မွေးကင်းစကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၁၂ ဦး သေဆုံးပြီး ၃၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော် (AA) သတင်းနဲ့ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၁ ရက် ညနေ ၅ နာရီ ၂၅ မိနစ်ခန့်မှာ ကျောက်တော်မြို့နယ်၊ ဝါးတောင်ကျေးရွာနဲ့ ပန်းဖဲချောင်းကျေးရွာကို ဆက်သွယ်ထားတဲ့ တံတားကို စစ်အုပ်စုက ဂျက်တိုက်လေယာဉ်တစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် တံတားပေါ် သွားလာနေတဲ့ ခရီးသွားပြည်သူ ၇ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့သလို တံတားနဲ့ အနီးဝန်းကျင်က နေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ AA က ပြောပါတယ်။
ညနေ ၅ နာရီ ၂၇ မိနစ်ခန့်မှာလည်း မြောက်ဦးမြို့နယ်၊ ထမ္မရာဇ်ရပ်ကွက်၊ ငွေတောင်ပေါက်အနီးမှာ ဒေသခံတွေ ဆေးကုသပေးနေတဲ့ ယာယီဆေးကုခန်းနဲ့ သားဖွားဆောင်ပတ်ဝန်းကျင်ကို စစ်အုပ်စုရဲ့ ဂျက်တိုက်လေယာဉ် ၂ စီးက Cluster ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် မွေးကင်းစကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၅ ဦး သေဆုံးပြီး ဆေးဝန်ထမ်းတချို့အပါအဝင် ၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဆေးခန်းနဲ့ လူနေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အလားတူ ညနေ ၅ နာရီခန့်မှာ ကျောက်ဖြူမြို့နယ်၊ စနဲမင်းပြင်ကျေးရွာကို ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီး ၅ ဦးနဲ့ အမျိုးသား ၆ ဦး၊ စုစုပေါင်း ၁၁ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တွေလည်း ပျက်စီးခဲ့ပါတယ်။
ဒါ့အပြင် ပေါက်တောမြို့နယ်၊ ဝီရဌာနီမြို့ပေါ်နဲ့ ရွာချောင်းကြီးကျေးရွာတွေကို နိုဝင်ဘာ ၁ ရက် မနက် ၃ နာရီ ၅၈ မိနစ်ခန့်မှာ စစ်အုပ်စုရဲ့ Y-12 လေယာဉ်တစ်စီးနဲ့ ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၂ ဦး၊ စုစုပေါင်း ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ AA က ထုတ်ပြန်ပါတယ်။
စစ်အုပ်စုဟာ တစ်ရက်တည်းအတွင်း အာရက္ခဒေသက လမ်း၊ တံတား၊ ဆေးရုံ၊ ဆေးခန်းနဲ့ လူနေရပ်ကွက်တွေကို ဆက်တိုက်ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ထပ်မံကျူးလွန်နေတယ်လို့ AA က စွပ်စွဲပြောဆိုထားပါတယ်။
ဓာတ်ပုံ – ရခိုင်မျိုးချစ်လူငယ်ဖောင်ဒေးရှင်း
