စစ်အုပ်စုက နောင်ချိုမြို့မဗလီကို နိုင်ငံပိုင်အဖြစ် သိမ်းဆည်း ဟိန္ဒူဓမ္မသာလာနဲ့ နေအိမ် ၂၃ လုံးလည်း ချိတ်ပိတ်ခံထားရ
ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့လယ်မှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဝတ်ပြုရာ နောင်ချိုမြို့မဗလီကို စစ်အုပ်စုက နိုင်ငံပိုင်အဖြစ် သိမ်းဆည်းဖို့ တရားရုံးက အမိန့်ချမှတ်ခဲ့တဲ့အပေါ် မွတ်စလင်အသိုင်းအဝိုင်းအတွင်း ကန့်ကွက်မှုတွေ ရှိနေတယ်လို့ ဒေသတွင်း သတင်းဖော်ပြချက်တွေအရ သိရပါတယ်။
ဒါ့အပြင် စစ်အုပ်စုဟာ နောင်ချိုမြိုရှိ ဟိန္ဒူဘာသာဝင်တွေရဲ့ ဓမ္မသာလာနဲ့ ဒေသခံပြည်သူတွေရဲ့ နေအိမ် ၂၃ လုံးကိုလည်း ချိတ်ပိတ်ထားဆဲဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
Myanmar Muslims News Network ရဲ့ အောက်တိုဘာ ၂၂ ရက် ဖော်ပြချက်အရ ကျောက်မဲခရိုင်တရားရုံးဟာ ရာဇဝတ်မှုကြီးအမှုအမှတ် ၃/၂၀၂၅ နဲ့ ဆက်စပ်တဲ့ စီရင်ချက်မှာ နောင်ချိုမြို့၊ ဈေးရပ်ကွက်၊ မြေကွက်အမှတ် (၁) ရှိ မြို့မဗလီကို အယူခံ ဒါမှမဟုတ် ပြင်ဆင်မှုတင်သွင်းနိုင်တဲ့ ကာလကုန်ဆုံးပြီးနောက် နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းဖို့ အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီစီရင်ချက်မှာ ဦးလှထွေးနဲ့ ဦးစိုးသိန်းတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဆိုင်ရာ ပုဒ်မတွေနဲ့ ထောင်ဒဏ်ချမှတ်ခဲ့ပြီး သူတို့နဲ့ဆက်စပ်တဲ့ ပစ္စည်းသက်သေတွေထဲမှာ ဗလီအဆောက်အအုံနဲ့ မြေကိုပါ သိမ်းဆည်းဖို့ ထည့်သွင်းအမိန့်ချခဲ့တယ်လို့ အဆိုပါသတင်းမှာ ဖော်ပြထားပါတယ်။
ဒီအမိန့်နဲ့ပတ်သက်ပြီး လူမှုကွန်ရက်မှာ ရေးသားထားသူတစ်ဦးက ပြစ်မှုကျူးလွန်သူတွေကို ဥပဒေအရ အရေးယူတာနဲ့ အများပြည်သူ ဝတ်ပြုကိုးကွယ်ရာ ဗလီတစ်ခုကို သိမ်းဆည်းတာဟာ သီးခြားစဉ်းစားရမယ့် ကိစ္စတွေဖြစ်တယ်လို့ ထောက်ပြထားပါတယ်။
လူတစ်ဦးရဲ့ လုပ်ရပ်အတွက် ဥပဒေအရ ထိုက်တန်တဲ့ ပြစ်ဒဏ်ချမှတ်နိုင်ပေမဲ့ အဲဒီလုပ်ရပ်နဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့ အများပြည်သူ ဝတ်ပြုရာဗလီကိုပါ သိမ်းဆည်းတာဟာ အခြားဘာသာဝင်တွေရဲ့ လွတ်လပ်စွာ ကိုးကွယ်ခွင့်အပေါ် သက်ရောက်မှုရှိနိုင်တယ်လို့လည်း မေးခွန်းထုတ်ထားပါတယ်။
ဒါ့အပြင် တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို အထက်ရုံးက ပြန်လည်သုံးသပ်ပြင်ဆင်နိုင်တဲ့ အယူခံစနစ်ရှိပေမဲ့ ငွေကြေးအခက်အခဲကြောင့် အယူခံတင်သွင်းဖို့ မတတ်နိုင်တဲ့ နစ်နာသူတွေအတွက် ဘယ်လိုကုစားမှုတွေ ရရှိနိုင်မလဲဆိုတာကိုလည်း မေးမြန်းထားပါတယ်။ နောင်ချိုမြို့မဗလီကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းမယ့်အစား ဒေသခံအစ္စလာမ်ဘာသာဝင်တွေ ဆက်လက်ဝတ်ပြုကိုးကွယ်နိုင်ဖို့ ဗလီအဖြစ် ဆက်လက်ထားရှိပေးသင့်တယ်လို့ တင်ပြထားပါတယ်။
တစ်ဖက်မှာလည်း နောင်ချိုမြို့ကို စစ်အုပ်စုက ပြန်လည်ထိန်းချုပ်ပြီးနောက် မြို့မဗလီအပါအဝင် ဘာသာရေးအဆောက်အအုံတွေနဲ့ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို ချိတ်ပိတ်ခဲ့တဲ့အကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
စစ်အုပ်စုဟာ နောင်ချိုမြို့ကို စစ်အုပ်စုက ၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်း ပြန်လည်ထိန်းချုပ်ပြီးနောက် မြို့မဗလီ၊ အရပ်သားနေအိမ် ၂၀ ကျော်နဲ့ ဂေါ်ရခါးလူမျိုးတွေရဲ့ ဘာသာရေးဆိုင်ရာ တည်းခိုရိပ်သာကို ချိတ်ပိတ်ခဲ့ပါတယ်။
Myanmar Muslim Media ရဲ့ ဖော်ပြချက်အရ မြို့မဗလီကို နိုင်ငံပိုင်အဖြစ် သိမ်းဆည်းဖို့ အမိန့်ချမှတ်ခဲ့တဲ့အပြင် ဟိန္ဒူဓမ္မသာလာနဲ့ ပြည်သူ့နေအိမ် ၂၃ လုံးကိုလည်း လက်ရှိအချိန်အထိ ချိတ်ပိတ်ထားဆဲဖြစ်ပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
