မွန်မှာ လျှပ်စစ်မီး ဆိုးဆိုးရွားရွား ပြတ်တောက်နေပြီး အိမ်သုံးနဲ့ စီးပွားရေးလုပ်ငန်းတွေ အခက်ကြုံ
မွန်ပြည်အတွင်း လျှပ်စစ်မီး ဆိုးဆိုးရွားရွား ပြတ်တောက်နေပြီး နေ့ဘက်မှာ မီးမရသလောက်ဖြစ်ကာ ညပိုင်းမှသာ မီးအနည်းပြန်လာတဲ့ အခြေအနေတွေ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိ သထုံ၊ ပေါင်နဲ့ မော်လမြိုင်မြို့တွေအပါအဝင် မွန်ပြည်နယ်အတွင်း မီးလာချိန် မမှန်တာ၊ အချိန်ကြာမြင့်စွာ မီးပြတ်တောက်တာတွေကြောင့် အိမ်မှုကိစ္စတွေနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အခက်အခဲတွေ ဖြစ်နေကြတာပါ။
မွန်ပြည်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး လျှပ်စစ်မီး ပုံမှန်မရတော့ဘဲ နေ့ဘက်မှာ တစ်နာရီဝန်းကျင်သာ မီးလာတတ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။
“ဒီရက်ပိုင်း မနက်ခင်း နာရီလောက်ပဲလာတယ်။ ကျန်တဲ့အချိန် မီးပျက်တယ်။ ည ၆ နာရီလောက်မှ မီးပြန်လာတယ်။ ဒီသီတင်းကျွတ်မတိုင်ခင်ကစပြီး ညပိုင်းလောက်ပဲ လာတော့တာများတယ်။ နေ့ခင်းကျ မလာဘူး။ လာရင်တောင် ထမင်းတစ်အိုး မကျက်အားဘူး၊ ပြန်ပျက်သွားတယ်” လို့ သထုံမြို့ခံတစ်ဦးက ပြောပါတယ်။
မီးမမှန်တာကြောင့် ကိတ်မုန့်လုပ်ငန်းလုပ်ကိုင်သူတွေဟာ မီးစက်အသုံးပြုနေရပြီး စက်သုံးဆီဖိုးအတွက် တစ်လကို ငွေကျပ်တစ်သိန်းခန့် ကုန်ကျနေတယ်လို့ ဆိုပါတယ်။
“အလုပ်လုပ်ရင် မီးစက်နဲ့ပဲ လုပ်နေရတယ်။ ဆီဖိုးနဲ့တင် အရင်လက တစ်သိန်းကုန်သွားတယ်။ ကိတ်လုပ်တာဆိုတော့ Customer လိုချင်တဲ့အချိန် အချိန်မီမပေးနိုင်တာမျိုးတွေ ဖြစ်တော့ အားနာရတယ်၊ တောင်းပန်ရတယ်။ မီးမမှန်တာကိုလည်း ကြိုတင်ပြီး ပြောထားလုပ်ထားရတာပေါ့” လို့ အဲဒီသထုံမြို့ခံက ရှင်းပြပါတယ်။
ပေါင်မြို့မှာလည်း နေ့ဘက် လျှပ်စစ်မီးလာချိန်ဟာ နှစ်နာရီတောင် မပြည့်ဘဲ ညဘက်မှာလည်း မြို့ပေါ်နဲ့ ကျေးရွာတွေကြား မီးရရှိမှု ကွာခြားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မီးက ပျက်တယ်၊ ရှယ်ပျက်တာ။ နှစ်နာရီမပြည့်ဘူး နေ့ဘက်က။ တစ်ခါတလေ ထမင်းတစ်အိုးချက်ရုံလောက်ပဲ လာတယ်။ ဆန်တောင် ကြိုမဆေးထားရဲဘူး။ မီးလာမှ ပြေးဆေးရတယ်” လို့ ပေါင်မြို့ခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် မီးပြတ်တောက်မှုကြောင့် မုန့်နဲ့ ကိတ်မုန့်လုပ်ငန်းတွေမှာ ကုန်ကြမ်းနဲ့ ထုတ်ကုန်တွေ ပျက်စီးဆုံးရှုံးတာတွေရှိနေပြီး လုပ်ငန်းအရှုံးပေါ်တာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
“ရှုံးနေပြီ ကြက်ဥဖိုးတွေ။ မွေးနေ့ကိတ်တွေလုပ်နေရင်း မီးပျက်တော့ မုန့်တွေ ပျက်ကုန်ရော။ ကိတ်ပျက်လို့ ပစ်လိုက်ရတယ်။ ရုံးကတော့ မီး ၂ နာရီပေးမယ်လို့သာ ပြောတာ၊ ၁၅ မိနစ်လာပြီး ပြန်ပျက်တာ ကြာပြီ။ အခုတော့ ဘယ်လိုပေးနေလဲ မသိတော့ဘူး။ လာချင်တဲ့အချိန်လာ။ မီးကို မစောင့်နေတော့ဘူး” လို့ ပေါင်မြို့ခံတစ်ဦးကလည်း ပြောပါတယ်။
အခုလို လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်မှုတွေ ရှိနေပေမဲ့ မွန်ပြည်နယ်မှာ လျှပ်စစ်မီး ပိုမိုရရှိအောင် လုပ်ဆောင်နေတယ်လို့ စစ်အုပ်စုရဲ့ မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးက အခုနှစ် မေလမှာ ပြောဆိုထားပါတယ်။
လက်ရှိမှာတော့ လျှပ်စစ်မီး ပုံမှန်မရရှိပေမဲ့ မီတာခတွေ မြင့်တက်လာတာကြောင့် ပြည်သူတွေအနေနဲ့ မီးစက်ဆီဖိုးအပါအဝင် အပိုကုန်ကျစရိတ်တွေကိုပါ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
