မြန်မာနိုင်ငံကို ပြန်ပို့မယ့်သူတွေ နှိပ်စက်ညှဉ်းပန်းခံရနိုင်ခြေရှိရင် ပြန်မပို့ဘူးလို့ မလေးရှားပြည်ထဲရေးဝန်ကြီးပြော
မြန်မာနိုင်ငံကို ပြန်ပို့မယ့်သူတွေဟာ နှိပ်စက်ညှဉ်းပန်းခံရနိုင်ခြေ၊ အသက်အန္တရာယ်ရှိနိုင်ခြေ ဒါမှမဟုတ် ဖိနှိပ်ညှဉ်းပန်းခံရနိုင်ခြေရှိကြောင်း ရှင်းလင်းတဲ့ အထောက်အထား ဒါမှမဟုတ် အန္တရာယ်ရှိကြောင်း တွေ့ရှိရရင် နေရပ်ပြန်ပို့မှာမဟုတ်ဘူးလို့ မလေးရှားပြည်ထဲရေးဝန်ကြီး ဒတ်တုခ် ဆရီ ဆိုင်ဖူဒင် နာဆူရှင်း အစ္စမေးလ်က ပြောပါတယ်။
မလေးရှားနိုင်ငံမှာ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွေမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၅,၀၀၀ အထိကို အဆင့်လိုက် နေရပ်ပြန်ပို့ဖို့ အစိုးရက စီစဉ်နေချိန်မှာ ဝန်ကြီးက အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။
အောက်တိုဘာ ၂၁ ရက်က လွှတ်တော်အမတ် ဂျင်မီ ပူအာ ဝီထ်ဇီရဲ့ မေးခွန်းကို စာဖြင့်ပြန်လည်ဖြေကြားရာမှာ ဆိုင်ဖူဒင်က နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ်မှာ ပြန်ပို့ခံရမယ့်သူတွေရဲ့ ဘေးကင်းလုံခြုံရေး၊ လူမှုဖူလုံရေးနဲ့ လူ့အခွင့်အရေးကို ဦးစားပေးမယ်လို့ ပြောပါတယ်။
“မြန်မာအစိုးရက နေရပ်ပြန်ပို့မယ့်သူတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် အာမခံချက်ပေးထားပါတယ်” လို့ ဆိုင်ဖူဒင်က ပြောပါတယ်။
ဒါ့အပြင် မလေးရှားနိုင်ငံဟာ ၁၉၅၁ ခုနှစ် ဒုက္ခသည်များဆိုင်ရာ သဘောတူစာချုပ်နဲ့ ၁၉၆၇ ခုနှစ် နောက်ဆက်တွဲစာချုပ်တွေမှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံမဟုတ်ပေမဲ့ အစိုးရအနေနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စံနှုန်းတွေကို လိုက်နာဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ် အဆင့်တိုင်းမှာ အနီးကပ်စောင့်ကြည့်မှုတွေ လုပ်ဆောင်သွားမှာဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှု မဖြစ်စေဘဲ ဘေးကင်းလုံခြုံပြီး တာဝန်ယူမှုရှိတဲ့ ပုံစံနဲ့ ဆောင်ရွက်သွားမယ်လို့ ဝန်ကြီးက ပြောပါတယ်။
လွှတ်တော်အမတ် ဂျင်မီ ပူအာ ဝီထ်ဇီက မလေးရှားနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ ရိုဟင်ဂျာ ၅,၀၀၀ ကို ပြန်ပို့မယ့် အစီအစဉ်ရဲ့ လက်ရှိအခြေအနေ၊ ပြန်ပို့မယ့်အချိန်ဇယားနဲ့ ပြန်ပို့ခံရသူတွေကို လူသားချင်းစာနာထောက်ထားမှုရှိရှိ၊ စနစ်တကျ ဆောင်ရွက်နိုင်ဖို့ ဘယ်လိုအာမခံချက်တွေ ရှိသလဲဆိုတာကို မေးမြန်းခဲ့တာဖြစ်ပါတယ်။
ဒီအစီအစဉ်ကို မလေးရှားပြည်ထဲရေးဝန်ကြီးဌာနက လူဝင်မှုကြီးကြပ်ရေးဌာနနဲ့ သက်ဆိုင်ရာဝန်ကြီးဌာန၊ အစိုးရအဖွဲ့အစည်းတွေ ပူးပေါင်းပြီး အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။
ပထမအသုတ်အဖြစ် မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို စက်တင်ဘာ ၂၉ ရက်မှာ မလေးရှားနိုင်ငံကနေ ပင်လယ်ရေကြောင်းအသုံးပြုပြီး ပြန်ပို့ခဲ့ပါတယ်။ အဲဒီခရီးစဉ်မှာ စစ်အုပ်စုရဲ့ ရေယာဉ်တွေနဲ့ ဆေးရုံသင်္ဘောတစ်စင်းကို အသုံးပြုခဲ့ပါတယ်။
ဆိုင်ဖူဒင်က နောက်ထပ်အသုတ်တွေကို ပြန်ပို့ဖို့အတွက် စစ်အုပ်စုဘက်က ပြန်ပို့မယ့်သူတွေရဲ့ အထောက်အထား၊ ကိုယ်ရေးအချက်အလက်နဲ့ အခြေအနေတွေကို စိစစ်အတည်ပြုဖို့ လိုအပ်ကြောင်း ပြောပါတယ်။ ဒါ့အပြင် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အဆင်သင့်ဖြစ်မှုနဲ့ နှစ်နိုင်ငံကြား လုပ်ငန်းညှိနှိုင်းမှုတွေ ပြီးစီးဖို့လည်း လိုအပ်တယ်လို့ ဆိုပါတယ်။
နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ်ကို မလေးရှားဘက်က တစ်ဖက်သတ် ဆုံးဖြတ်လုပ်ဆောင်တာမဟုတ်ဘဲ စစ်အုပ်စုနဲ့ တိုက်ရိုက်ဆွေးနွေးညှိနှိုင်းပြီး ဆောင်ရွက်နေတာဖြစ်တယ်လို့ ဝန်ကြီးက ပြောပါတယ်။
လုပ်ငန်းစဉ်မှာ ပြန်ပို့မယ့်သူတွေရဲ့ အထောက်အထားနဲ့ အဆင့်အတန်းကို စစ်ဆေးခြင်း၊ လုံခြုံရေးစိစစ်ခြင်းနဲ့ စစ်အုပ်စုဘက်က ကိုယ်ရေးအချက်အလက်တွေကို အတည်ပြုခြင်းတို့ ပါဝင်ပါတယ်။ အဲဒီအဆင့်တွေ ပြီးစီးမှသာ စာရွက်စာတမ်းပြင်ဆင်ခြင်းနဲ့ ပြန်လည်လွှဲပြောင်းပို့ဆောင်ခြင်းတွေ ဆောင်ရွက်သွားမယ်လို့ ဝန်ကြီးက ပြောပါတယ်။
မလေးရှားအစိုးရက ပထမအသုတ် မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို ပြန်ပို့ခဲ့ပြီးနောက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က စက်တင်ဘာ ၃၀ ရက်မှာ စိုးရိမ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
UNHCR ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ လူ့အခွင့်အရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေ ဆိုးရွားနေဆဲဖြစ်တဲ့အတွက် ပြန်ပို့ခံရသူတချို့ဟာ ပြင်းထန်တဲ့အန္တရာယ်တွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ဆိုပါတယ်။
UNHCR ရဲ့ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လက်ထောက်မဟာမင်းကြီး အီဒမ် ဝိုဆော်နူက ပြန်ပို့ခံရသူတွေထဲမှာ နိုင်ငံတကာကာကွယ်စောင့်ရှောက်မှု လိုအပ်နေသူတွေ ပါဝင်နိုင်ကြောင်း ပြောပါတယ်။
UNHCR က မလေးရှားအာဏာပိုင်တွေက ပြန်ပို့ခံရသူတွေဟာ ဆန္ဒအလျောက် ပြန်သွားတာဖြစ်တယ်လို့ ပြောဆိုထားပေမဲ့ အဲဒီသူတွေဟာ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွေမှာ ထိန်းသိမ်းခံထားရသူတွေဖြစ်တာကြောင့် သူတို့ရဲ့ ဆုံးဖြတ်ချက်ဟာ အမှန်တကယ် လွတ်လပ်ပြီး အချက်အလက်ပြည့်စုံစွာ သိရှိထားတဲ့ ဆုံးဖြတ်ချက် ဟုတ်၊ မဟုတ်ဆိုတဲ့ မေးခွန်းတွေ ပေါ်ပေါက်လာတယ်လို့ ထောက်ပြပါတယ်။
ဒါ့အပြင် ပြန်ပို့မယ့်သူတွေကို အကဲဖြတ်စိစစ်နိုင်ဖို့ UNHCR က ဝင်ရောက်တွေ့ဆုံခွင့်မရခဲ့ဘူးလို့လည်း ဖော်ပြထားပါတယ်။
UNHCR က မလေးရှားအစိုးရကို ပြန်ပို့မှုတစ်ခုချင်းစီအတွက် တစ်ဦးချင်းအလိုက် အန္တရာယ်အကဲဖြတ်မှုတွေ ပြုလုပ်ဖို့၊ ခိုလှုံခွင့်နဲ့ ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းစဉ်တွေကို လက်လှမ်းမီစေဖို့နဲ့ လူတွေကို အန္တရာယ်ရှိနိုင်တဲ့ နိုင်ငံဆီ အတင်းအကျပ် ပြန်မပို့ရေးဆိုင်ရာ အခြေခံမူ (non-refoulement) ကို လိုက်နာဖို့ တိုက်တွန်းထားပါတယ်။
လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က အောက်တိုဘာ ၆ ရက်မှာ မလေးရှားအစိုးရအနေနဲ့ မြန်မာနိုင်ငံကို လူတွေပြန်ပို့မယ့် အစီအစဉ်ကို ရပ်ဆိုင်းဖို့ တောင်းဆိုခဲ့ပါတယ်။
အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံအတွင်း စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် ပြန်ပို့ခံရသူတွေဟာ နှိပ်စက်ညှဉ်းပန်းမှုနဲ့ အခြားလူ့အခွင့်အရေးချိုးဖောက်မှုတွေ ကြုံတွေ့ရနိုင်ကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် ပြန်ပို့ခံရသူတွေထဲမှာ ဘယ်လူမျိုးစုတွေ ပါဝင်တယ်၊ ဒုက္ခသည်အဆင့်အတန်းရှိသူ ဘယ်နှဦးပါဝင်တယ်ဆိုတာကို မလေးရှားအစိုးရက အသေးစိတ်ထုတ်ပြန်ထားခြင်း မရှိကြောင်းလည်း အဖွဲ့က ထောက်ပြထားပါတယ်။
ဓာတ်ပုံ – Human Rights Watch
