ကမ္ဘာကြီးကို အင်အားကြီးနိုင်ငံတွေ ခွဲဝေကြတော့မှာလား တရုတ်၊ အမေရိကန်နဲ့ ရုရှားခေါင်းဆောင်သုံးဦး နိုဝင်ဘာအတွင်း တွေ့ဆုံနိုင်ရေး ဆွေးနွေးနေ
တရုတ်သမ္မတ ရှီကျင့်ဖျင်၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ သုံးဦး တွေ့ဆုံနိုင်ရေးအတွက် သက်ဆိုင်ရာနိုင်ငံတွေနဲ့ ဆက်သွယ်ဆွေးနွေးနေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ပေကျင်းမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း “နိုင်ငံခေါင်းဆောင်သုံးဦး တွေ့ဆုံရေးနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဘက်တွေနဲ့ ဆက်သွယ်ဆောင်ရွက်နေပါတယ်” လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
အခုတွေ့ဆုံပွဲအတွက် အစီအစဉ်တွေကို အပြီးသတ်သဘောတူညီထားခြင်း မရှိသေးပေမဲ့ ဖြစ်လာခဲ့ရင် တရုတ်နိုင်ငံတောင်ပိုင်း ရှန်ကျန်းမြို့မှာ ဒီလအတွင်း ကျင်းပမယ့် ဒေသတွင်းထိပ်သီးအစည်းအဝေးရဲ့ ပြင်ပမှာ ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။
ဒီနှစ် အာရှ–ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ရဲ့ ခေါင်းဆောင်များအစည်းအဝေးကို တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပါတယ်။ APEC အဖွဲ့မှာ အမေရိကန်နဲ့ ရုရှားအပါအဝင် အဖွဲ့ဝင်နိုင်ငံ ၂၁ နိုင်ငံ ပါဝင်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ရှန်ကျန်းမြို့ကို သွားရောက်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဒီနှစ်အတွင်း တတိယအကြိမ် တွေ့ဆုံဖို့လည်း မျှော်လင့်ထားပြီး အဲဒီတွေ့ဆုံမှုမှာ လက်ရှိ အမေရိကန်နဲ့ တရုတ်ကြားရှိနေတဲ့ ကုန်သွယ်ရေးအပစ်အခတ်ရပ်စဲမှုကို ဆက်လက်ထိန်းသိမ်းရေးက အရေးကြီးတဲ့ အကြောင်းအရာတစ်ခု ဖြစ်လာနိုင်ကာ အဲဒီသဘောတူညီချက်ဟာ လာမယ့် ဇန်နဝါရီမှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။
တစ်ဖက်မှာလည်း အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ရေးတင်းမာမှုတွေ ဆက်ရှိနေတာကြောင့် အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် ဂျမီဆန် ဂရီးယားဟာ နိုဝင်ဘာ ၆ ရက်မှာ တရုတ်ဒုတိယဝန်ကြီးချုပ် ဟယ်လီဖုန်းနဲ့ ဗီဒီယိုကတစ်ဆင့် ဆွေးနွေးခဲ့ပါတယ်။
အဲဒီဆွေးနွေးမှုအတွင်း တရုတ်နိုင်ငံအနေနဲ့ အရင်က သဘောတူထားတဲ့ ကတိကဝတ်တွေကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ အမေရိကန်ဘက်က တိုက်တွန်းခဲ့ပြီး အထူးသဖြင့် စိုက်ပျိုးရေးထွက်ကုန် ဝယ်ယူမှု၊ ရှားပါးမြေသတ္တုနဲ့ အခြားအရေးပါတဲ့ သတ္တုတွေနဲ့ပတ်သက်ပြီး တိကျတဲ့ လုပ်ဆောင်ချက်တွေ ပြုလုပ်ဖို့ တောင်းဆိုခဲ့တာပါ။
တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနကတော့ အဲဒီဆွေးနွေးမှုဟာ နက်နက်ရှိုင်းရှိုင်းရှိပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်ရဲ့ စီးပွားရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် တရုတ်နိုင်ငံမှာ စိုးရိမ်မှုရှိနေကြောင်းလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန်သမ္မတ ထရမ့်ကတော့ တရုတ်နိုင်ငံကို သွားရောက်ချိန်မှာ ရှီကျင့်ဖျင်နဲ့ ပူတင်တို့နဲ့ တွေ့ဆုံပြီး နျူကလီးယားလက်နက် ထိန်းချုပ်ရေးကိစ္စတွေကို ဆွေးနွေးလိုကြောင်း ပြောထားပါတယ်။
ဒါပေမဲ့ ရုရှားသမ္မတ ပူတင်ကတော့ ယူကရိန်းစစ်ပွဲအကြောင်းကို အဓိကထား ဆွေးနွေးလိုနေပြီး အဲဒီဆွေးနွေးပွဲမှာ ယူကရိန်းနိုင်ငံကိုယ်စားလှယ်တွေ မပါဝင်စေလိုတဲ့ သဘောထားရှိနေတယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။
အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘားမားလက်ထက်မှာ အမေရိကန်နိုင်ငံခြားရေးဌာန အဆင့်မြင့်တာဝန်ရှိသူအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဒန်နီရပ်ဆဲလ်ကတော့ ခေါင်းဆောင်သုံးဦး တွေ့ဆုံမှုဖြစ်လာရင် ရုရှားနိုင်ငံအတွက် အကျိုးအမြတ်အများဆုံး ရရှိနိုင်တယ်လို့ သုံးသပ်ပါတယ်။
ရုရှားဟာ အခုတွေ့ဆုံပွဲကတစ်ဆင့် ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်တို့ရဲ့ သဘောထားတွေကို မော်စကိုဘက်နဲ့ ပိုမိုနီးစပ်လာအောင် ကြိုးပမ်းနိုင်တယ်လို့ Stimson Center ရဲ့ တရုတ်ရေးရာအစီအစဉ် ဒါရိုက်တာ ဆန်ယွန်းကလည်း သုံးသပ်ထားပါတယ်။
တရုတ်နိုင်ငံအနေနဲ့တော့ ရုရှားရဲ့ အဲဒီလိုကြိုးပမ်းမှုတွေကို သတိထားကိုင်တွယ်ရနိုင်ပြီး ယူကရိန်းစစ်ပွဲ၊ အီရန်အရေးနဲ့ နျူကလီးယားလက်နက် ထိန်းချုပ်ရေးကိစ္စတွေမှာ တိကျတဲ့ သဘောတူညီချက်တစ်ခု ရရှိဖို့ထက် ငြိမ်းချမ်းရေးနဲ့ စစ်ပွဲတွေအဆုံးသတ်ရေးဆိုတဲ့ သဘောထားကိုသာ ထပ်မံပြောဆိုနိုင်တယ်လို့ သူက သုံးသပ်ပါတယ်။
တရုတ်နိုင်ငံအတွက် အရေးကြီးတဲ့ စိန်ခေါ်မှုတစ်ခုကတော့ ဒီတွေ့ဆုံပွဲအပေါ် နိုင်ငံတကာက ဘယ်လိုမြင်မလဲဆိုတဲ့ အချက်ဖြစ်တယ်လို့ ဆန်ယွန်းက ပြောပါတယ်။
အဲဒီတွေ့ဆုံမှုကို ကမ္ဘာ့အင်အားကြီးနိုင်ငံသုံးနိုင်ငံက ကမ္ဘာကြီးကို ခွဲဝေယူဖို့ ကြိုးပမ်းနေတဲ့ အစည်းအဝေးတစ်ခုအဖြစ် မမြင်သင့်ကြောင်းလည်း သူက သတိပေးထားပါတယ်။
အမေရိကန်အခြေစိုက် Foundation for Defense of Democracies အဖွဲ့ရဲ့ တရုတ်ရေးရာအစီအစဉ် အကြီးတန်းဒါရိုက်တာ ခရိတ်ဆင်းဂလ်တန်ကလည်း ဒီတွေ့ဆုံပွဲဟာ ပူတင်အနေနဲ့ အမေရိကန်နဲ့ တရုတ်ခေါင်းဆောင်တွေနဲ့အတူ ဓာတ်ပုံရိုက်ကူးခွင့်ရမယ့် အခမ်းအနားတစ်ခုသာ ဖြစ်သွားနိုင်တယ်လို့ သုံးသပ်ပါတယ်။
သူ့ရဲ့အမြင်အရ အဲဒီလို ဓာတ်ပုံရိုက်ကူးမှုမျိုးဟာ သံတမန်ရေးအရ အရင်ကလောက် အကျိုးသက်ရောက်မှု မရှိတော့ဘဲ သမိုင်းဝင်တွေ့ဆုံမှုတစ်ခု ဖြစ်လာနိုင်ပေမဲ့ လက်တွေ့ကျတဲ့ အရေးပါတဲ့ ရလဒ်တွေ ထွက်ပေါ်လာဖို့တော့ မသေချာဘူးလို့ ဆိုပါတယ်။
