နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ဆို့ထားတဲ့ မင်းအောင်လှိုင်က ကရင်ပြည် ကုန်သွယ်ရေးဖွံ့ဖြိုးဖို့ လိုအပ်တယ်လို့ ပြော

Author CJ Platform
Categories
Published on Nov 07, 2026

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကို ပိတ်ဆို့ကန့်သတ်ထားတဲ့ မင်းအောင်လှိုင်က ကရင်ပြည်အတွင်း တရားဝင်ကုန်သွယ်မှုလုပ်ငန်းတွေ တိုးတက်ဖို့ လိုအပ်တယ်လို့ ကရင်ပြည်နယ်နေ့ သဝဏ်လွှာမှာ ပြောကြားထားပါတယ်။

 

ကရင်ပြည်ဟာ နယ်စပ်ဒေသဖြစ်တဲ့အတွက် တရားဝင်ကုန်သွယ်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာဖို့ လိုအပ်သလို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ချောမွေ့စေရေးနဲ့ ဒေသထွက်ကုန်တွေအတွက် ဈေးကွက်ချိတ်ဆက်မှု ပိုမိုအားကောင်းလာစေရေးတို့ကို အလေးထားဆောင်ရွက်ဖို့ လိုအပ်တယ်လို့ မင်းအောင်လှိုင်က ဆိုပါတယ်။

 

အဲဒီလို ဆောင်ရွက်နိုင်ဖို့ နယ်မြေတည်ငြိမ်အေးချမ်းမှု၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အဆင်ပြေတဲ့ ပတ်ဝန်းကျင်တစ်ရပ်ရှိဖို့ အရေးကြီးကြောင်းလည်း ပြောထားပါတယ်။

 

ဒါ့အပြင် ဥပဒေနဲ့အညီ ကုန်သွယ်မှုလုပ်ငန်းတွေ ဆောင်ရွက်ဖို့၊ တရားမဝင် ကုန်စည်ကူးသန်းမှုတွေကို တားဆီးဖို့နဲ့ ဒေသတွင်းစီးပွားရေးလုပ်ငန်းတွေ တရားဝင်ဖွံ့ဖြိုးတိုးတက်လာစေဖို့ သက်ဆိုင်သူအားလုံး ပူးပေါင်းပါဝင်ကြဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။

 

ကရင်ပြည်မှာ ဒေသခံတွေရဲ့ အဓိကအသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေဖြစ်တဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးတို့ကိုလည်း အလေးထားဆောင်ရွက်ဖို့ မင်းအောင်လှိုင်က တိုက်တွန်းထားပါတယ်။

 

ရိုးရာစိုက်ပျိုးရေးစနစ်တွေမှာ ခေတ်မီနည်းပညာတွေ ပေါင်းစပ်အသုံးပြုဖို့၊ ရေသွင်းရေထုတ်စနစ်တွေ ဖွံ့ဖြိုးစေဖို့၊ သီးနှံအရည်အသွေးနဲ့ ထုတ်လုပ်မှုစွမ်းအား မြှင့်တင်ဖို့၊ ထုတ်ကုန်တန်ဖိုးမြှင့်တင်ပြီး ဈေးကွက်ချိတ်ဆက်မှုတွေ တိုးချဲ့ဖို့ လိုအပ်ကြောင်းလည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

 

အဲဒီလုပ်ငန်းတွေ ဖွံ့ဖြိုးလာပါက ကျေးလက်နေပြည်သူတွေရဲ့ ဝင်ငွေနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးတက်လာနိုင်သလို ကရင်ရိုးရာယဉ်ကျေးမှုနဲ့ ဆက်စပ်တဲ့ ဒေသထွက်ကုန်တွေကို ခေတ်မီဈေးကွက်နဲ့ ချိတ်ဆက်နိုင်ရင်လည်း ဒေသစီးပွားရေး ပိုမိုခိုင်မာလာနိုင်တယ်လို့ မင်းအောင်လှိုင်က ပြောကြားထားပါတယ်။

 

လက်ရှိမှာတော့ ထိုင်း-မြန်မာနယ်စပ်ဂိတ်တွေက ကုန်သွယ်ခွင့်တွေကို စစ်အုပ်စုက ပိတ်ဆို့ထားဆဲဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ထိုင်းကုန်စည်တွေ ဝယ်ယူမရတော့ဘဲ ဆေးဝါးအပြင် အလှကုန်နဲ့ စားသောက်ကုန်တွေပါ စျေးနှုန်းမြှင့်တက်နေပါတယ်။