တစ်နှစ်အတွင်း ကျင့်ဝတ်မလိုက်နာတဲ့ တရားသူကြီး ၃၀ ဦးကို အရေးယူခဲ့တယ်လို့ စစ်အုပ်စု ပြော

Author CJ Platform
Categories
Published on Nov 07, 2026

၂၀၂၅ ခုနှစ်အတွင်း တရားရေးအရာရှိနဲ့ တရားသူကြီး ၃၀ ဦးအပါအဝင် ရုံးဝန်ထမ်း ၁၃၄ ဦး၊ စုစုပေါင်း ၁၆၄ ဦးကို အရေးယူခဲ့တယ်လို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဒေါ်သင်းသင်းချိုက ပြောပါတယ်။

 

နိုဝင်ဘာ ၆ ရက်က ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဒေါ်သင်းသင်းချိုက အခုလို ပြောကြားခဲ့တာပါ။

 

တရားသူကြီးတွေရဲ့ တရားစီရင်ရေးဆိုင်ရာ မှားယွင်းမှုတွေအပြင် ကျင့်ဝတ်ပိုင်းဆိုင်ရာ ချိုးဖောက်မှု၊ စီမံခန့်ခွဲမှု အားနည်းမှုနဲ့ လုပ်ထုံးလုပ်နည်း မလိုက်နာမှုတွေကိုလည်း သက်ဆိုင်ရာဥပဒေတွေနဲ့အညီ အရေးယူနေတယ်လို့ ဒေါ်သင်းသင်းချိုက ပြောပါတယ်။

 

ဒါ့အပြင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ဟာ နိုင်ငံအတွင်းရှိ တရားရုံးအားလုံးကို အဆင့်ဆင့် ကြီးကြပ်ကွပ်ကဲနေပြီး ယခင်တရားရုံးချုပ်က ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေနဲ့ လက်ရှိလိုအပ်ချက်အရ ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကိုလည်း လိုက်နာဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

 

အရေးယူမှုတွေထဲမှာ သတိပေးတာ၊ နှစ်တိုးလစာ ရပ်ဆိုင်းတာ၊ ရာထူးတိုး ရပ်ဆိုင်းတာ၊ ရာထူးအဆင့် လျှော့ချတာနဲ့ ရာထူးကနေ ထုတ်ပယ်တာတွေ ပါဝင်တယ်လို့ သိရပါတယ်။

 

တရားစီရင်ရေးဆိုင်ရာ မှားယွင်းမှုတွေကို အရေးယူနေတယ်လို့ ပြောဆိုနေချိန်မှာပဲ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်က PDF တွေကို သတင်းပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရွှေဘိုမြို့က ဘုရင်ယာဉ်လိုင်း ဂိတ်မှူး ကိုဇေယျာဝင်းကို ထောင်ဒဏ် ၅၄ နှစ်၊ စာရေးမ မအေးမြင့်ဆွေ (ခ) မဆွေဆွေနဲ့ မသိမ့်သိမ့်သူတို့ကို ထောင်ဒဏ် ၃၄ နှစ်စီ ချမှတ်ခဲ့ပါတယ်။

 

အဲဒီလို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တဲ့အပေါ် တရားစီရင်ရေး မမျှတမှုနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေလည်း မြင့်တက်နေပါတယ်။