လူ့အခွင့်အရေးအဖွဲ့တွေ ကန့်ကွက်နေတဲ့ကြား မလေးရှားက မြန်မာနိုင်ငံသား ၃၅၀၀ကျော်ကို ပြန်ပို့ဖို့ပြင်နေပြန်
မြန်မာနိုင်ငံမှာ ပဋိပက္ခနဲ့ လူ့အခွင့်အရေးအခြေအနေ ဆိုးရွားနေဆဲ အချိန်မှာ မလေးရှားအစိုးရက မြန်မာနိုင်ငံသား ၃,၅၂၄ ဦးကို ဒုတိယအသုတ်အဖြစ် မြန်မာနိုင်ငံကို ထပ်မံပြန်ပို့ဖို့ ပြင်ဆင်နေမှုကို UNHCR၊ SUHAKAM၊ Amnesty International နဲ့ Human Rights Watch တို့က ပြန်ပို့ရေးအစီအစဉ်ကို ကန့်ကွက်နေကြပါတယ်။
မလေးရှားဟာ စက်တင်ဘာ ၂၉ ရက်မှာ မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို ပထမအသုတ်အဖြစ် ပြန်ပို့ခဲ့ပြီး ဒုတိယအသုတ် ၃,၅၂၄ ဦးကို ထပ်မံပို့ဆောင်ဖို့ ပြင်ဆင်နေတာပါ။
ဒီနှစ် ဇန်နဝါရီကနေ ဩဂုတ်အထိ လေကြောင်းခရီးစဉ်တွေနဲ့ မြန်မာနိုင်ငံကို ပြန်ရောက်သူ ၈,၀၄၁ ဦးရှိပြီး စက်တင်ဘာ ၂၉ ရက် ပြန်ပို့ခံရသူ ၁,၄၇၆ ဦးနဲ့ ပေါင်းရင် ဒီနှစ်အတွင်း မလေးရှားကနေ မြန်မာနိုင်ငံကို ပြန်ရောက်သူ ၉,၅၁၇ ဦး ရှိလာပါတယ်။
မလေးရှားအစိုးရကတော့ အဲဒီလိုပြန်ပို့မှုတွေဟာ ဆန္ဒအလျောက် ပြန်လည်ပို့ဆောင်ရေးအစီအစဉ် ဖြစ်ပြီး မြန်မာဘက်က လက်ခံမှုနဲ့ ပြန်ပို့ခံရသူတွေရဲ့ သဘောတူညီချက်အပေါ် အခြေခံထားတယ်လို့ ပြောပါတယ်။ ဒုတိယအသုတ် ပြန်ပို့မယ့်ရက်ကိုတော့ မြန်မာဘက်က အကြောင်းကြားချက်ကို စောင့်ဆိုင်းနေတယ်လို့ မလေးရှားအစိုးရပြောရေးဆိုခွင့်ရှိသူ Fahmi Fadzil က ပြောထားပါတယ်။
ဒါပေမယ့် UNHCR က ပထမအသုတ် ပြန်ပို့မှုအပေါ် အလွန်စိုးရိမ်ကြောင်း ထုတ်ပြန်ပြီး ပြန်ပို့ခံရသူတွေဟာ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေမှာ ရှိနေသူတွေဖြစ်တာကြောင့် သူတို့ရဲ့ ဆုံးဖြတ်ချက်ဟာ တကယ်လွတ်လပ်ပြီး အချက်အလက်ပြည့်စုံစွာ သိရှိပြီး ချမှတ်ခဲ့တာ ဟုတ်မဟုတ် မေးခွန်းထုတ်ထားပါတယ်။
UNHCR က မြန်မာနိုင်ငံကို ပြန်သွားရင် ဖိနှိပ်ညှဉ်းပန်းမှု၊ နှိပ်စက်မှု၊ အသက်အန္တရာယ် ဒါမှမဟုတ် ပြင်းထန်တဲ့ ထိခိုက်မှုတွေ ရင်ဆိုင်ရနိုင်သူတွေကို ပြန်မပို့သင့်တဲ့ non-refoulement အခြေခံမူ ကို လိုက်နာဖို့ မလေးရှားကို တောင်းဆိုထားပါတယ်။
SUHAKAM ကလည်း နောက်ထပ် မြန်မာနိုင်ငံသားတွေ မပြန်ပို့မီ လွတ်လပ်တဲ့အဖွဲ့အစည်းတစ်ခုက လူတစ်ဦးချင်းစီရဲ့ ကာကွယ်စောင့်ရှောက်မှုလိုအပ်ချက်နဲ့ ပြန်ရောက်ချိန်မှာ ရင်ဆိုင်ရနိုင်တဲ့ အန္တရာယ်တွေကို အကဲဖြတ်ဖို့ တောင်းဆိုထားပါတယ်။ အထူးသဖြင့် ကလေးတွေ၊ ဒုက္ခသည်နဲ့ ခိုလှုံခွင့်တောင်းခံထားသူတွေ၊ လူကုန်ကူးခံရသူတွေနဲ့ ထိခိုက်လွယ်သူတွေကို အထူးအာရုံစိုက်ဖို့ တိုက်တွန်းထားပါတယ်။
Amnesty International နဲ့ Human Rights Watch တို့ကလည်း မြန်မာနိုင်ငံမှာ ပဋိပက္ခနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ရှိနေတဲ့အတွက် လုံခြုံပြီး ဂုဏ်သိက္ခာရှိတဲ့ ပြန်လည်နေထိုင်နိုင်ရေး အခြေအနေ မရှိသေးဘူးလို့ ထောက်ပြပြီး လူ ၅,၀၀၀ ပြန်ပို့ရေးအစီအစဉ်ကို ရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။
အထူးသဖြင့် ပြန်ပို့ခံရသူတွေထဲမှာ ရိုဟင်ဂျာတွေ ပါဝင်လာနိုင်ခြေအပေါ်လည်း လူ့အခွင့်အရေးအဖွဲ့တွေက စိုးရိမ်နေပါတယ်။ မလေးရှားမှာ UNHCR နဲ့ မှတ်ပုံတင်ထားတဲ့ ဒုက္ခသည်နဲ့ ခိုလှုံခွင့်တောင်းခံသူ ၂၁၅,၀၀၀ ကျော်ရှိပြီး အများစုဟာ မြန်မာနိုင်ငံကလာသူတွေ ဖြစ်ပါတယ်။
တစ်ဖက်မှာတော့ မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က မြန်မာအာဏာပိုင်ခေါင်းဆောင် မင်းအောင်လှိုင်ကို မလေးရှားနိုင်ငံလာရောက်ဖို့ ဖိတ်ကြားထားပြီး မလေးရှားမှာ ရှိနေတဲ့ မြန်မာနိုင်ငံသားနဲ့ ရိုဟင်ဂျာတွေ ပြန်လည်လက်ခံရေးကိစ္စတွေကို ဆွေးနွေးလိုတယ်လို့ ပြောထားပါတယ်။
လက်ရှိမှာ ပထမအသုတ် ၁,၄၇၆ ဦးကို ပြန်ပို့ပြီးဖြစ်ပြီး နောက်ထပ် ၃,၅၂၄ ဦးကို ပြန်ပို့ဖို့ ပြင်ဆင်နေချိန်မှာ လူ့အခွင့်အရေးအဖွဲ့တွေက ပြန်ပို့ခံရသူတွေရဲ့ ဆန္ဒဟာ တကယ်လွတ်လပ်မှုရှိမရှိနဲ့ မြန်မာနိုင်ငံပြန်ရောက်ရင် ရင်ဆိုင်ရနိုင်တဲ့ အန္တရာယ်တွေကို အဓိက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။
