ရန်ကုန်က ကွန်ဒိုတစ်ခုမှာ တရုတ်က ဆုကြေးငွေထုတ်ထားတဲ့ တရားခံအပါအဝင် ကျားဖြန့်ဂိုဏ်းဝင် ၁၀၆ ဦး ဖမ်းမိ
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်ရှိ ကွန်ဒိုတစ်ခုအတွင်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန (MPS) က ဆုကြေးငွေထုတ်ပြန်ထားတဲ့ တရားခံတစ်ဦးအပါအဝင် အွန်လိုင်းလိမ်လည်လောင်းကစား (ကျားဖြန့်) လုပ်ငန်း လုပ်ကိုင်နေသူ စုစုပေါင်း ၁၀၆ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်အုပ်စုက နိုဝင်ဘာ ၁၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနဲ့ လုံကျန်းပြည်သူ့လုံခြုံရေးဗျူရိုတို့က ဆုကြေးငွေထုတ်ပြန်ထားတဲ့ တရားခံ ၄၃ ဦးစာရင်းမှာ ပါဝင်သူ Su Fu Quan (ဆူးဖုချွမ်) ဟာ သာကေတမြို့နယ်အတွင်း ရောက်ရှိနေတယ်ဆိုတဲ့ သတင်းအရ နိုဝင်ဘာ ၁၂ ရက် ည ၁၀ နာရီ ၄၅ မိနစ်ခန့်မှာ စစ်အုပ်စု ပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်းခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သာကေတမြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ နဝရတ်လမ်းရှိ အောင်ကောင်းကျော်အိမ်ရာဝင်းအတွင်းက ဒေါ်မြတ်ဇင်ဦးနဲ့ တရုတ်နိုင်ငံသား Mr. Huo တို့ ပိုင်ဆိုင်တဲ့ Golden River Residence Condo အခန်း ၉ ခန်းကို ဝင်ရောက်ရှာဖွေခဲ့ရာ တရုတ်နိုင်ငံသား Su Fu Quan အပါအဝင် တရားမဝင် တရုတ်နိုင်ငံသား ၅၂ ဦး (အမျိုးသား ၄၈ ဦး၊ အမျိုးသမီး ၄ ဦး)၊ ဗီယက်နမ်နိုင်ငံသား ၈ ဦးနဲ့ မြန်မာနိုင်ငံသား ၄၆ ဦး (အမျိုးသား ၃၁ ဦး၊ အမျိုးသမီး ၁၅ ဦး) စုစုပေါင်း ၁၀၆ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကွန်ပျူတာ ၁၂၁ လုံး၊ ဖုန်း ၁၉၀ လုံး၊ ဆာဗာ ၁ လုံး၊ နိုင်ငံကူးလက်မှတ်တွေနဲ့ ဘဏ်စာအုပ်တွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ဟန်တုပ်၊ ပိုင်ရစ်၊ အာထန်၊ တာဟိုက်နဲ့ စုကျင်ဆိုပြီး အဖွဲ့ ၅ ဖွဲ့ခွဲကာ Kaqpo အက်ပလီကေးရှင်းနဲ့ Telegram တို့ကတစ်ဆင့် တရုတ်၊ ဂျပန်၊ ကိုရီးယားနဲ့ အိန္ဒိယနိုင်ငံသားတွေကို ပစ်မှတ်ထား လိမ်လည်ခဲ့တယ်လို့ စစ်အုပ်စုက ဆိုပါတယ်။
လိမ်လည်ရာမှာ အမျိုးသမီးတွေနဲ့ မြှူဆွယ်စည်းရုံးပြီးနောက် AliPay နဲ့ WeChat Pay တို့ကတစ်ဆင့် အမြတ်အစွန်းအနည်းငယ် ပြန်လွှဲပေးကာ ယုံကြည်မှုတည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် ငွေကြေးအမြောက်အမြား ထည့်ဝင်လာချိန်မှာ ငွေပြန်မပေးတော့ဘဲ တစ်ဦးကို တရုတ်ယွမ် ၄၈,၀၀၀ အထိ လိမ်လည်ရယူခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဘရာဇီးနဲ့ ကိုလံဘီယာနိုင်ငံသားတွေကိုလည်း Amazon Exotic နဲ့ Falabella အမည်ရှိ ဈေးဝယ်ဝဘ်ဆိုက်အတုတွေ အသုံးပြုပြီး ကုန်ပစ္စည်းတွေကို Like လုပ်ခိုင်းတာ၊ VIP Member ဝင်ခိုင်းတာ စတဲ့ မက်လုံးတွေပေးကာ အဆင့်ဆင့် လိမ်လည်ခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းအတွင်း နိုင်ငံခြားသားတွေ ဦးဆောင်တဲ့ အွန်လိုင်းလိမ်လည်လောင်းကစားဂိုဏ်းတွေကို ဖမ်းဆီးရမိတာဟာ အခုတစ်ကြိမ် ပထမဆုံးမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်ကလည်း ထိုင်ဝမ်နိုင်ငံသားတစ်ဦးရဲ့ စေခိုင်းမှုနဲ့ မြောက်ဒဂုံ၊ အလုံ၊ ဒေါပုံ၊ ဗိုလ်တထောင်နဲ့ လှိုင်သာယာမြို့နယ်တို့မှာ အုပ်စုဖွဲ့ပြီး အွန်လိုင်းဂိမ်းနဲ့ 1D/2D/3D လောင်းကစားလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ဂိုဏ်းတစ်ခုကို ဖမ်းဆီးခဲ့တယ်လို့ စစ်အုပ်စုက ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီဖြစ်စဉ်မှာ ငွေကျပ် သိန်း ၃,၉၀၀ ကျော်၊ ကွန်ပျူတာတွေနဲ့အတူ သံသယရှိသူ ၃၆ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
