ကျောက်တော်မြို့က နေရာ ၆ ခုထက်မနည်းကို စစ်အုပ်စု လေကြောင်းတိုက်ခိုက် အရပ်သား ၈ဦးထက်မနည်း သေဆုံး
စစ်အုပ်စုက ရခိုင်ပြည်၊ ကျောက်တော်မြို့ မြို့ပေါ် ရပ်ကွက်တွေ အပါအဝင် နေရာ ၆ ခုထက်မနည်းကို မနေ့ ဇွန် ၁၈ရက် ညနေ ၃ နာရီခန့်က ဂျက်ဖိုက်တာ ၅ စင်းခန့်နဲ့ အုပ်စုလိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာ အရပ်သားပြည်သူ ၈ ဦးထက်မနညး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကျောက်တော်မြို့ ရွာမရပ်ကွက်၊ ပိုက်သည်ရပ်ကွက်၊ ကစ္ဆပနဒီတံတားအောက်နဲ့ လမ်းမတော်ကျေးရွာ အပါအဝင် နေရာ ၆ ခုထက်မနည်းကို စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ဗုံးကြဲမှုဖြစ်စဉ်အတွင်း အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် အရပ်သားပြည်သူ ၈ ဦး သေဆုံးခဲ့ရပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကနဦး သိရှိထားရပါတယ်။ နောက်ထပ် သေဆုံးသူ အရေအတွက်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက် ထပ်မံတိုးလာနိုင်တယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။
လက်ရှိ ရရှိထားတဲ့ အချက်အလက်တွေအရ ဦးမောင်သန်းထွန်း (၄၅ နှစ်)၊ မောင်နုသာ (၆၄ နှစ်)၊ စိုးစန္ဒာ (၂၃ နှစ်)၊ ဦးလူချေမောင် (၅၃ နှစ်)၊ စောအေးမောင် (၄၀ နှစ်)၊ မြတ်ဟိန်းကျော် (၄ နှစ်)၊ တူးတူး (၃၆ နှစ်) နဲ့ ဒေါ်စိန်စိန် (ခ) ဘားယေ (၇၈ နှစ်) တို့ ထိခိုက်သေဆုံးခဲ့ရပါတယ်။
ဇွန် ၁၇ ရက်နေ့၊ ညနေ ၃ နာရီနီးပါးခန့်က စစ်အုပ်စုက ဂျက်ဖိုက်တာ ၇ စင်းခန့်နဲ့ အုပ်စုလိုက် လာရောက်ကာ ဗုံးအလုံးရေ ၂၀ ခန့်ကို ၅ မိနစ်ခြားတစ်ကြိမ် ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
“လာချတဲ့အချိန်ဟာ ၃ နာရီလောက်ဖြစ်မယ်။ စလို့လာချကတည်းက ၅ မိနစ်မကြာဘူး တစ်ကြိမ်စီလာချတာ ၁ နာရီနီးပါးလောက် ကြာသွားပါတယ်။ ၄ နာရီလောက်မှ လာကြဲချတာ ရပ်သွားတာပါ” လို့ ကျောက်တော်မြို့ခံတစ်ဦးက ပြောပါတယ်။
အခုလို အကြောင်းအရင်းမရှိဘဲ အရပ်သားပြည်သူတွေ နေထိုင်တဲ့နေရာတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတဲ့အပေါ် နိုင်ငံရေးလေ့လာသုံးသပ်သူ လူငယ်တစ်ဦးက အခုလို ပြောပါတယ်။
“စစ်ကော်မရှင်က စစ်ဦးစီးချုပ် အပြောင်းအလဲအပြီး အခုလို လေကြောင်းတိုက်ခိုက်မှုတွေက ပိုပြင်းထန်လာတာ တွေ့ရပါတယ်။ နိုင်ငံရေးအရ ဖိအားလျော့သွားတဲ့ စစ်ကော်မရှင်က ရှိသမျှ အရင်းအမြစ်ကို စစ်ရေးအတွက် သုံးနေတာပေါ့။ နိုင်ငံရေးပြန်အားကောင်းလာတော့ လူ့အခွင့်အရေး ချိုးဖောက်ဖို့က အရင်ထက်ပိုပြီး ဂရုမစိုက်တော့ဘူး။ အပြစ်မဲ့အရပ်သားတွေကို အခုလို အကြမ်းဖက်တာကိုတော့ လုံးဝ ရှုတ်ချပါတယ်။ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ UN အဖွဲ့တို့ကလည်း ထိထိရောက်ရောက် အရေးယူပေးဖို့ တောင်းဆိုပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ယခုလို ဗုံးကြဲတိုက်ခိုက်နေတာဟာ ပြည်သူတွေကို အကြောက်တရားနဲ့ ယဉ်ပါးအောင် ပြုလုပ်နေတဲ့ အကြမ်းဖက်လုပ်ရပ်ဖြစ်တယ်လို့ ကျောက်တော်လူငယ်များအစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးက အခုလို ပြောပါတယ်။
“ပြည်သူတွေအပေါ် အကြောက်တရားနဲ့ ယဉ်ပါးနေအောင် ရည်ရွယ်ချက်ရှိရှိ အပြစ်မဲ့ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေကို ဆုံးရှုံးအောင်လုပ်တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လုပ်မြဲလုပ်စဉ်တစ်ခုလို့ မြင်ပါတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ ကျောက်တော်မြို့ပေါ်က ဒေသခံပြည်သူတွေဟာ ညအချိန် ဗုံးလာရောက်ကြဲချမှာကို စိုးရိမ်တဲ့အတွက် တိမ်းရှောင်သူတွေရှိနေပြီး မြို့ပေါ်တွင် မအိပ်စက်ရဲဘဲ ဖြစ်နေကြပါတယ်။
“မြို့ခံတွေ တော်တော်များများ ကြောက်လို့ ရှောင်ကြပါတယ်။ ညအိပ် ခရီးသွားတဲ့သူတွေ၊ ညဘက်တိမ်းရှောင်သူတွေ ရှိကြပါတယ်။ မြို့က အခုအရမ်းကို တိတ်ဆိတ်နေပါတယ်။ ဆိုင်ကယ်သံ၊ ကားသံတွေတောင် မကြားရပါဘူး။ ညအချိန်လည်း လာကြဲမှာ ကြောက်တဲ့အတွက် ညမအိပ်ရဲဘဲ ဖြစ်နေပါတယ်။ ဘယ်နေရာမှာ သွားအိပ်ရမလဲ မသိသေးပါဘူး” လို့ ကျောက်တော်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ကျောက်တော်မြို့ကို အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကစလို့ ၂၀၂base၆ ခုနှစ်၊ ဧပြီလအထိ လေကြောင်းတိုက်ခိုက်မှု ၁၆ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပါတယ်။
CJ 009
ဓာတ်ပုံ – PYA ၊ Wai Hun Aung
