ဦးပိုင်အမြတ်ငွေ မထုတ်ပေးဘဲ ငွေတိုးချေးစားတဲ့ ထပရ ၃၂၃ က တပ်ရင်းမှူး တိုင်ကြားခံရ
စစ်သည်တွေ ရပိုင်ခွင့်ရှိတဲ့ ဦးပိုင်အမြတ်ငွေတွေကို ထုတ်မပေးဘဲ ငွေတိုးချေးစားနေတဲ့ မင်္ဂလာဒုံမြို့နယ်အခြေစိုက် အမှတ် ၃၂၃ ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ရင်း (ထပရ ၃၂၃) က တပ်ရင်းမှူးကို စစ်သည်တွေက တိုင်ကြားထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ထပရ ၃၂၃ က တပ်ရင်းမှူးဟာ စစ်သည်တွေရမယ့် ဦးပိုင်အမြတ်ငွေတွေကို ထုတ်မပေးဘဲ၊ တပ်တွင်းမှာ အတိုးနှုန်း ၃၀ ရာခိုင်နှုန်းနဲ့ ငွေတိုးပေးစားနေတာကြောင့် တပ်မိသားစုဝင်တွေက ဇွန်လ ၁၅ ရက်နေ့မှာ တိုင်ကြားခဲ့တာဖြစ်တယ်လို့ ထပရ ၃၂၃ အနီး နေထိုင်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ထပရ ၃၂၃ ထဲမှာ တပ်ရင်းမှူးက ဦးပိုင်အမြတ်ငွေတွေ ထုတ်မပေးဘဲ ငွေတိုးပေးလို့ တိုင်လိုက်တာ အခုရှင်းနေရတယ်။ တပ်ထဲမှာ တပ်ရင်းမှူးကို ပြောင်းရွှေ့တော့မယ်ဆိုတဲ့ သတင်းတွေ မျိုးစုံထွက်နေတယ်” လို့ သူက ဆိုပါတယ်။
လစဉ် ဦးပိုင်ရှယ်ယာအတွက် စစ်သည်တွေရတဲ့ လစာထဲကနေ ဖြတ်တောက်ထားသလို၊ ပြန်လည်ထုတ်ပေးရမယ့် အချိန်မှာလည်း ထုတ်မပေးတာကြောင့် ငွေကြေးအခက်အခဲဖြစ်နေတဲ့ တပ်မိသားစုဝင်တွေဟာ တပ်ရင်းမှူးကတော်ထံမှာ အတိုးနှုန်း ၃၀ ရာခိုင်နှုန်းနဲ့ ငွေချေးနေရတာဖြစ်တယ်လို့ ဖြစ်စဉ်သိရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“တပ်ရင်းမှူးကတော်ဆီမှာ တစ်သောင်းချေးရင် သုံးထောင် အတိုးပေးရတယ်။ အတိုးမပေးရင် အတိုးနဲ့အရင်းနဲ့ ထည့်ပေါင်းပြီး ပြန်မှတ်တယ်။ အတိုးသံသရာလည်နေရင်း မခံနိုင်တဲ့အဆုံး ဦးပိုင်ကိစ္စတွေပါ ပေါ်လာတာ” လို့ သူက ရှင်းပြပါတယ်။
စစ်အုပ်စုဘက်က အဆိုပါ ထပရ ၃၂၃ က တပ်ရင်းမှူးကို လာရောက်စစ်ဆေးနေတယ်လို့ သိရပေမယ့်၊ ထိရောက်စွာ အရေးယူဆောင်ရွက်ခြင်း ရှိ၊ မရှိကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်အတွင်းကလည်း သေဆုံး၊ ထွက်ပြေးသွားကြတဲ့ အရာရှိနဲ့ စစ်သည်တွေရဲ့ ဦးပိုင်အမြတ်ငွေတွေကို လိမ်လည်ထုတ်ယူစားခဲ့တဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ်က အရာရှိအချို့ စစ်ဆေးခံခဲ့ရတဲ့ ဖြစ်စဉ်မျိုးလည်း ရှိခဲ့ပါသေးတယ်။
ဓာတ်ပုံ – Pro/SAC
