ဓာတ်မြေသြဇာဈေးမြင့်တက်မှုကြောင့် အာရက္ခပြည်ရှိ လယ်သမားအချို့ မြေဆီမကြဲနိုင်ဖြစ်နေ
အာရက္ခပြည်မှာ ဓာတ်မြေသြဇာဈေးနှုန်းတွေ မြင့်တက်နေတဲ့အတွက် ဒီနှစ် စပါးစိုက်ပျိုးရာသီမှာ လယ်သမားအချို့ ဓာတ်မြေသြဇာဝယ်ယူအသုံးပြုနိုင်ခြင်းမရှိသေးဘဲ စိုက်ပျိုးရေးအတွက် အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ လယ်သမားတွေဆီက သိရပါတယ်။
ဘူးသီးတောင်မြို့နယ်က ဘုရားပြအောင်ပကျေးရွာ၊ သိမ်တောင်ပြင်ကျေးရွာ၊ ကင်တောင်ကျေးရွာ၊ ညောင်ချောင်းကျေးရွာနဲ့ ဒါပိုင်းဆရာကျေးရွာတွေက လယ်သမားတွေဟာ မောင်တောမြို့ စီးပွားရေးဇုန်နဲ့ မောင်တောဈေးမှာ ရောင်းချနေတဲ့ ဓာတ်မြေသြဇာဈေးနှုန်းတွေ မြင့်တက်နေတယ်လို့ ပြောပါတယ်။
လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်ထုတ် ဓာတ်မြေသြဇာတစ်အိတ်ကို ကျပ် ၃ သိန်းခွဲခန့်၊ အိန္ဒိယထုတ် ဓာတ်မြေသြဇာတစ်အိတ်ကို ကျပ် ၂ သိန်း ၁ သောင်းကနေ ၂ သိန်း ၂ သောင်းခန့်အထိ ဈေးနှုန်းရှိနေတယ်လို့ လယ်သမားတွေက ဆိုပါတယ်။
“အခုတော့ ကြဲတော့ မကြဲရသေးဘူး။ ဈေးကျမလားကြည့်နေကြပါတယ်။ မရှိရှိတာကိုတော့ ပေါင်နှံပြီး ဝယ်ကြတဲ့သူတွေလည်း ရှိပါတယ်။ မရှိတဲ့သူတွေမှာတော့ မကြဲရတဲ့သူတွေလည်း ရှိပါတယ်” လို့ ဘူးသီးတောင်မြို့နယ်က လယ်သမားတစ်ဦးက ပြောပါတယ်။
အလားတူ မောင်တောမြို့နယ်၊ ကျောက်လှဲကားကျေးရွာက လယ်သမား ဦးမာမတ်အီနုစ်ကလည်း အိန္ဒိယထုတ် ဓာတ်မြေသြဇာတစ်အိတ်ကို ကျပ် ၂ သိန်း ၆ သောင်းခန့်အထိ ဈေးမြင့်တက်နေတဲ့အတွက် မြေဆီဝယ်ယူအသုံးပြုဖို့ အခက်အခဲရှိနေတယ်လို့ ပြောပါတယ်။
“ဒီနှစ်တော့ လယ်ဝါး ၂၀၀ တည်း စိုက်ပျိုးလိုက်တာပါ။ မိသားစုဝမ်းစာ လုံလောက်ရင် တော်ပါပြီ။ မြေဆီတော့ မကြဲနိုင်ဘူး” လို့ ဦးမာမတ်အီနုစ်က ပြောပါတယ်။
လယ်သမားတွေအနေနဲ့ ဓာတ်မြေသြဇာဈေးနှုန်းတွေ ဆက်လက်မြင့်တက်နေမယ်ဆိုရင် စိုက်ပျိုးရေးကုန်ကျစရိတ် ပိုမိုမြင့်တက်လာနိုင်ပြီး လယ်ယာထွက်ကုန်နဲ့ မိသားစုစားဝတ်နေရေးအပေါ်လည်း ထိခိုက်နိုင်တယ်လို့ ပြောဆိုကြပါတယ်။
ဓာတ်ပုံ – CJ
CJ
