စမ်းချောင်းနဲ့ လှိုင်သာယာမှာ LGBT တစ်ဦးနဲ့ လူငယ်တစ်ဦး ပျောက်ဆုံးနေ
ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်နဲ့ လှိုင်သာယာမြို့နယ်တို့မှာ LGBT တစ်ဦးနဲ့ လူငယ်တစ်ဦး ပျောက်ဆုံးနေပြီး မိသားစုဝင်တွေက သက်ဆိုင်ရာရဲစခန်းတွေမှာ လူပျောက်တိုင်ကြားထားတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၂၆ ရက် ညပိုင်းက နေအိမ်ကနေ သူငယ်ချင်းတွေနဲ့အတူ အပြင်ထွက်သွားတဲ့ LGBT လူငယ်တစ်ဦးဖြစ်သူ ဆွတ်အိဏ်နော် ပျောက်ဆုံးသွားတာလို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“သူငယ်ချင်းတွေနဲ့ ညဘက် မုန့်ထွက်စားရင်း ပျောက်သွားတာ။ ရဲစခန်းကိုလည်း သူ့မိဘတွေက လူပျောက်တိုင်ထားတယ်။ အခုထိ ဘာမှမထူးခြားသေးဘူး” လို့ သူက ပြောပါတယ်။
လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အမှတ် (၂၀) ရပ်ကွက်မှာ နေထိုင်တဲ့ မောင်သန့်ဇော်လင်းလည်း စက်တင်ဘာ ၂၆ ရက်က သူငယ်ချင်းတွေနဲ့အတူ အလုပ်သွားရင်း ပျောက်ဆုံးသွားတယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“အလုပ်သွားရင်း အိမ်ပြန်မလာတော့တာ။ မိဘတွေလည်း စိတ်ပူနေတယ်။ လူမှုကွန်ရက်မှာလည်း အကူအညီတောင်းထားတယ်။ ပြန်တွေ့ရင် အကြောင်းကြားပေးဖို့” လို့ သူက ပြောပါတယ်။
ရန်ကုန်မှာ စားဝတ်နေရေးအတွက် အလုပ်လုပ်ကိုင်နေတဲ့ လူငယ်တွေ မကြာခဏ ပျောက်ဆုံးလေ့ရှိပြီး အဆက်အသွယ်ပြန်ရတဲ့အခါ စစ်သင်တန်းကျောင်းကို ရောက်နေကြောင်း သိရတဲ့ ဖြစ်စဉ်တွေလည်း ရှိတယ်လို့ ရွှေပေါက်ကံမြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ရန်ကုန်မှာ လူငယ်တွေ ပျောက်သွားရင် အစအနမရဘူး။ အဆက်အသွယ်ပြန်ရပြီဆို စစ်ထဲရောက်နေပြီ။ ရွှေပေါက်ကံ ၁၁ ရပ်ကွက်မှာ ပျောက်သွားတဲ့ကောင်လေးဆို ခြောက်လလောက်နေမှ အဆက်အသွယ်ရတယ်။ အဆက်အသွယ်ရတော့ စစ်ထဲရောက်နေပြီ” လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်နဲ့ စက်တင်ဘာအတွင်း ရန်ကုန်တိုင်း၊ တညင်းကုန်းနဲ့ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်တွေမှာ လူငယ် ၆ ဦးကို စစ်မှုထမ်းဖို့ ရောင်းစားရန် ဖမ်းဆီးချုပ်နှောင်ထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဒေသအရန်မီးသတ်တပ်ခွဲမှူး၊ ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူးအချို့ကို ဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။
စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ စစ်အုပ်စုခေါင်းဆောင်က ထုတ်ပြန်ခဲ့ပြီး အဲဒီနောက် မတ် ၂၈ ရက်မှာ စစ်မှုထမ်းအပတ်စဉ် (၁) ကို စတင်ခေါ်ယူခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ စစ်မှုထမ်းအပတ်စဉ် (၂၉) အထိ ရောက်ရှိနေပြီလို့ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနကလည်း ပြည်တွင်းမှာရှိတဲ့ လူငယ်တွေ စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲခံရတာနဲ့ မဲနှိုက်ခံရတာ မဖြစ်စေဖို့ နိုင်ငံခြားထွက်ခွာတာ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဆီ ဆက်သွယ်ခိုလှုံရှောင်ရှားတာတွေ ပြုလုပ်ဖို့ တိုက်တွန်းထားပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
