လမ်းမှာတွေ့သူတွေကို သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင်အတုလုပ်ပြီး စစ်မှုထမ်းမထည့်ဖို့ လဝကဝန်ကြီးပြော
စစ်မှုထမ်းဆင့်ခေါ်ရာမှာ လမ်းမှာတွေ့တဲ့သူတွေကို သန်းခေါင်စာရင်းအတုနဲ့ မှတ်ပုံတင်အတု ပြုလုပ်ပြီး စစ်မှုထမ်းထဲ မထည့်ဖို့ စစ်အုပ်စုခန့် လဝကဝန်ကြီး ဦးမြင့်ကြိုင်က စက်တင်ဘာ ၂၉ ရက်မှာ ပြောပါတယ်။
စက်တင်ဘာ ၂၉ ရက် မနက်ပိုင်းက ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ပြုလုပ်တဲ့ မြေပြင်စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ လဝကဝန်ကြီး ဦးမြင့်ကြိုင်က အခုလို ပြောဆိုခဲ့တာပါ။
“ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့တွေအနေနဲ့ မှတ်ပုံတင်မရှိ၊ အိမ်ထောင်စုစာရင်းမရှိတဲ့ လမ်းမှာတွေ့တဲ့လူကို အိမ်ထောင်စုစာရင်းအတု၊ နိုင်ငံသားကတ်အတုလုပ်ပြီး မထည့်ဖို့ မေတ္တာရပ်ခံလိုပါတယ်” လို့ ဦးမြင့်ကြိုင်က ပြောပါတယ်။
အခုလို ဖြစ်စဉ်တွေဟာ လက်ရှိမှာ မြို့နယ်တိုင်းလိုလိုမှာ ရာဂဏန်းအထိ ရှိနေပြီး အမှုဖွင့်အရေးယူခံထားရသူတွေလည်း အများအပြားရှိတယ်လို့ သူက ဆိုပါတယ်။
လဝကဌာနက အကျင့်ပျက်ဝန်ထမ်းတချို့ဟာ သေဆုံးသူတွေရဲ့ မှတ်ပုံတင်တွေနဲ့ မှတ်ပုံတင်ရှိသူတွေရဲ့ မှတ်ပုံတင်တွေကို ပြန်လည်ဝယ်ယူပြီး အရင်မှတ်ပုံတင်မှာရှိတဲ့ ဓာတ်ပုံနေရာမှာ သူတို့ရဲ့ဓာတ်ပုံတွေကို ကပ်ကာ အသုံးပြုတာတွေလည်း ရှိတယ်လို့ ဦးမြင့်ကြိုင်က ရှင်းပြပါတယ်။
ရန်ကုန်မှာ မှတ်ပုံတင်မရှိသူတွေနဲ့ အသက်ကျော်နေတဲ့သူတွေကို မှတ်ပုံတင်အသစ်ပြုလုပ်ပေးပြီး စစ်မှုထမ်းထဲ ထည့်သွင်းကာ ဖြေရှင်းနေရတဲ့ အုပ်ချုပ်ရေးမှူးတွေလည်း ရှိတယ်လို့ Non-CDM ဝန်ထမ်းတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ရန်ကုန်မှာဆို ဗဟန်း၊ တာမွေနဲ့ လှိုင်သာယာမှာ အဲ့လိုဖြစ်စဉ်တွေကြောင့် ဖြေရှင်းနေရတဲ့ အုပ်ချုပ်ရေးမှူးတွေ ရှိတယ်။ အရေးယူမယူဆိုတာတော့ မသိရသေးဘူး” လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၁၆ ရက်ကလည်း တာမွေမြို့နယ်မှာ ဆိုက်ကားနင်းနေတဲ့ အသက် ၄၇ နှစ်အရွယ် ဦးမြင့်ဆိုင်ကို စစ်အုပ်စုက ဖမ်းဆီးပြီး မှတ်ပုံတင်အသစ် ပြုလုပ်ကာ ရမည်းသင်း အမှတ် (၃) စစ်အခြေခံပညာသင်တန်းကျောင်းကို ပို့ဆောင်ခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။
ဓာတ်ပုံ – Pro-SAC
