စစ်တွေ IDP စခန်းတွေမှာ ဝမ်းရောဂါ ဖြစ်ပွားနေ ရိုဟင်ဂျာ ကလေးငယ် ၄ ဦး အပါအဝင် သေဆုံးသူတွေ ရှိလာ
ရခိုင်ပြည်၊ စစ်တွေမြို့နယ်မှာရှိတဲ့ ရိုဟင်ဂျာ ကျေးရွာတွေနဲ့ IDP စခန်းတွေမှာ ဝမ်းပျက်ဝမ်းလျှောနဲ့ ရေဝမ်းသွား ရောဂါ ဖြစ်ပွားမှု မြင့်တက်နေပြီး ရိုဟင်ဂျာ ကလေးငယ် ၄ ဦး အပါအဝင် လူအများအပြား သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လက်ရှိ ရရှိထားတဲ့ သတင်းတွေအရ စစ်တွေမြို့နယ်အတွင်း ဝမ်းရောဂါ ဖြစ်ပွားနေသူ တစ်ရာကျော်အထိ ရှိနိုင်တယ်လို့ လူမှုရေး လှုပ်ရှားသူ စစ်တွေ ဒေသခံ မွတ်ဆလင် လူငယ်တစ်ဦးက ပြောပြပါတယ်။
“အခုက လက်ရှိ မေးမြန်းထားသလောက် တစ်ပတ်အတွင်း ကလေး ၄ ယောက် ဆုံးပြီ။ ဝမ်းရောဂါ ဖြစ်တဲ့လူ အများစုကလည်း ကလေးတွေ များတယ်။ သီးသန့်တော့ ခွဲထားပြီး ဆေးကုနေရတယ် အခု။ လော့ဒေါင်း ချထားတာပေါ့” လို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ ရောဂါ ဖြစ်ပွားသူနဲ့ သေဆုံးသူ အရေအတွက်ကို သီးခြား အတည်ပြုနိုင်တာမျိုး မရှိသေးပါဘူး။
“အရင်က တစ်ခါမှ ဒီလောက် မဖြစ်ခဲ့ဘူး။ အဓိကတော့ ရေမသန့်လို့၊ စည်းကမ်းတကျနဲ့ ဆေးကုသမှု ခံယူခွင့် မရလို့ ဒီလောက် အခြေအနေ ဆိုးစေတာလို့ ထင်တယ်” လို့ သူက ဆက်ပြောပြတာပါ။
ဩဂုတ်လ ၁၆ ရက်နေ့ကလည်း ဂျောပူဂျာ ကျေးရွာက အသက် ၈ နှစ်အရွယ် မွတ်ဆလင် မိန်းကလေးတစ်ဦး ဝမ်းရောဂါနဲ့ သက်ကေပြင် ဆေးရုံမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ သက်ကေပြင် ကျေးရွာ တစ်ခုတည်းမှာ ဝမ်းရောဂါကြောင့် သေဆုံးသူ ၁၁ ဦး ရှိနေပြီလို့ သတင်းတွေ ထွက်ပေါ်နေသေးပေမဲ့ အဲဒီ အရေအတွက်ကိုတော့ သီးခြား အတည်ပြုနိုင်တာမျိုး မရှိသေးပါဘူး။
လက်ရှိမှာ သဲချောင်း၊ အုန်းတောချေ၊ အုန်းတောကြီး၊ ဒါးပိုင်၊ သက်ကေပြင်နဲ့ ပလ္လင်ပြင် အပါအဝင် စစ်တွေမြို့နယ် အတွင်းက မွတ်ဆလင် ကျေးရွာ ၁၀ ရွာထက်မနည်းမှာ ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားနေပြီး ရောဂါ ဖြစ်ပွားမှုဟာ တစ်ပတ်ခန့် ကြာမြင့်နေပြီလို့ ဒေသခံတွေက ပြောကြပါတယ်။
ရောဂါ ဖြစ်ပွားသူတွေကို သက်ကေပြင် ဆေးရုံအပြင် IDP စခန်းတွေမှာ NGO အဖွဲ့တွေ ဖွင့်လှစ်ထားတဲ့ ဆေးခန်းတွေမှာ ကုသမှု ပေးနေတယ်လို့ သိရတာပါ။
ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ဖို့ စစ်တွေမြို့ပေါ်နဲ့ မြို့နယ် အတွင်းက မွတ်ဆလင် ကျေးရွာတွေအကြား သွားလာတဲ့ လမ်းကြောင်း တချို့ကို ကန့်သတ် ပိတ်ဆို့ထားပြီး ဘုမေ ကျေးရွာကို သွားလာတဲ့ လမ်းတွေကိုလည်း ဩဂုတ်လ ၁၃ ရက်နေ့ကစပြီး ပိတ်ထားတယ်လို့ သိရပါတယ်။
လက်ရှိ ဝမ်းရောဂါ ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး စစ်အုပ်စုဘက်က တရားဝင် ထုတ်ပြန် ပြောဆိုထားတာ မတွေ့ရသေးသလို ရောဂါ ဖြစ်ပွားသူနဲ့ သေဆုံးသူ အရေအတွက်တွေကိုလည်း အတည်ပြုနိုင်တာမျိုး မရှိသေးပါဘူး။
ဓာတ်ပုံ – AFP
