ပြန်လည်ပြင်းထန်လာတဲ့ စစ်တွေနဲ့ ကျောက်ဖြူတိုက်ပွဲတွေမှာ စစ်အုပ်စုတပ်သားတွေ ထွက်ပြေးမှုရှိနေ

Author CJ Platform
Categories
Published on Jun 23, 2026

ဒီရက်ပိုင်းမှာ ပြန်လည်ပြင်းထန်လာတဲ့ ရခိုင်ပြည်၊ စစ်တွေမြို့နဲ့ ကျောက်ဖြူမြို့က အာရက္ခတပ်တော် (AA) နဲ့ စစ်အုပ်စုတို့ရဲ့ တိုက်ပွဲတွေမှာ စစ်အုပ်စုဘက်က တပ်သားတွေ ထွက်ပြေးမှုရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေအရ သိရပါတယ်။

 

ကျောက်ဖြူမြို့မှာ စစ်အုပ်စုဘက်က တောင်မော်ဦး ရေတပ်စခန်းမှာ အင်အားရာချီ ထပ်မံဖြည့်တင်းပြီး စစ်ကြောင်းပြန်ထိုးဖို့ ကြိုးစားရာကနေ AA နဲ့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပြီး၊ ထိခိုက်သေဆုံးမှုတွေ များပြားကာ စစ်ကြောင်းကွဲပြီး ထွက်ပြေးမှုတွေ များနေတာ ဖြစ်တယ်လို့ AA သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

 

“စစ်အုပ်စုက ပထမတစ်ကြိမ် ထိုးစစ်ဆင်တာ စစ်ရှုံးပြီး စစ်ပွဲရပ်နေတာ။ အခုတစ်ကြိမ် အင်အားထပ်စုပြီး ထိုးစစ်ပြန်ဆင်တာ တစ်ပတ်လောက်ရှိပြီ။ ကျတာ၊ ဒဏ်ရာရတာများတော့ စစ်တွေနဲ့ ရန်ကုန်ကို ဒဏ်ရာရသူတွေကို နေဗီ (ရေတပ်သင်္ဘော)၊ လေယာဉ်တွေနဲ့ ပို့နေတာရှိတယ်။ သေတာကလည်း များတော့ ထွက်ပြေးသူတွေလည်း ရှိတယ်။ သူတို့လူကို သူတို့ ပြန်လိုက်ဖမ်းနေရတယ်” လို့ သူက ပြောပါတယ်။

 

ဒါ့အပြင် စစ်အုပ်စုတပ်က လက်အောက်ငယ်သားတွေကို အသေခံရှေ့တက်တိုက်ခိုင်းပြီး၊ စစ်ရှုံးနေချိန်မှာတောင် တပ်ဆုတ်ခွင့်မပေးတာ၊ နောက်တန်းကို ပြန်မလာဖို့ ဖိအားပေးတာတွေကြောင့် ထွက်ပြေးအလင်းဝင်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

 

“ဒဏ်ရာရစစ်သားတွေကိုတော့ စစ်တွေပို့တာများတယ်။ အဲဒီကတစ်ဆင့်မှ လိုအပ်ရင် ရန်ကုန်ပို့တယ်လို့ သိရတယ်။ အင်အားထပ်ဖြည့်တာတွေလည်း ဆက်တိုက်တော့ရှိတယ်။ အဓိက စစ်မှုထမ်းတွေပေါ့” လို့ စစ်အုပ်စု သတင်းရင်းမြစ်က ပြောပါတယ်။

 

ဒါ့အပြင် စစ်တွေစစ်မျက်နှာမှာလည်း ရွှေမင်းဂံရေတပ်စခန်း၊ ဝါဘိုကျေးရွာတွေမှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေသလို၊ AA ရဲ့ ထိုးစစ်ဟာ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) အနီး တစ်မိုင်အကွာက နာရီကန်ကျေးရွာအနီးအထိ ရောက်ရှိနေပြီလို့ စစ်တွေဒေသခံတွေက ပြောပါတယ်။

 

တိုက်ပွဲပြင်းထန်လာတာနဲ့အတူ စစ်အုပ်စုဘက်က ထွက်ပြေးမှုတွေလည်း ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

“၂၀ ရက်နေ့ ညက စစ်သား၊ ရဲသားနဲ့ အုပ်ချုပ်ရေးမှူးတွေပါတဲ့အဖွဲ့က လူလိုက်ရှာတာရှိတယ်။ ရခိုင်စစ်သားတစ်ယောက် ပြောတာတော့ စစ်သားနှစ်ယောက် ထွက်ပြေးလို့ လိုက်ရှာနေတာလို့ ပြောတယ်” လို့ ရွှေပြားရပ်ကွက် ဒေသခံတစ်ဦးက ဆိုပါတယ်။

 

စစ်အုပ်စုအနေနဲ့ ရခိုင်ပြည်အတွင်း စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့တွေကိုပဲ ထိန်းချုပ်ထားနိုင်တော့တာ ဖြစ်ပြီး၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေရှိတဲ့ စစ်တွေနဲ့ ကျောက်ဖြူကို လက်မလွှတ်ရရေးအတွက် စစ်အုပ်စုက အပြင်းအထန် ကာကွယ်နေသလို AA ကလည်း ပြန်လည်ထိုးစစ်ဆင်မှုတွေ ရှိလာနေတာ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – Pro-SAC

ပုံစာ – စစ်မှုထမ်းတွေကို သင်တန်းပေးနေပုံ (ပုံဟောင်း)