မန္တလေးမှာ လုယက်မှုကျူးလွန်နေတဲ့ ပြည်သူ့စစ် ၃ ဦးကို ဖမ်းဆီးရမိ
မန္တလေးတိုင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ အောင်မြေသာစံမြို့နယ်မှာ ဇွန် ၂၂ ရက်နေ့ ည ၈ နာရီအချိန်က လုယက်မှုတွေ ကျူးလွန်နေတဲ့ ပြည်သူ့စစ် ၃ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ည ၈ နာရီဝန်းကျင်က ပြည်သူ့စစ် ၃ ဦးဟာ လမ်းသွားလမ်းလာတွေကို ဓားရှည်နဲ့ ခြိမ်းခြောက်ကာ ငွေကြေးတောင်းခံနေတာကြောင့်၊ ဒေသခံတစ်ဦးက ရဲစခန်းကို ဖုန်းဆက်အကြောင်းကြားရာကနေ တဆင့် ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ဖမ်းမိတုန်းက စစ်ယူနီဖောင်းတွေနဲ့ပဲ။ နောက်မှ ရဲတွေက အရပ်ဝတ်အဝတ်အစားတွေ လဲပေးလိုက်တာ။ လပခ တိုင်းစစ်ဌာနချုပ်က မွေးထားတဲ့ ပြည်သူ့စစ်တွေပေါ့။ မန္တလေးမှာ ဒီကောင်တွေပဲ နေ့စဉ် လုယက်မှုတွေ ကျူးလွန်နေတာ။ အောင်မြေသာစံက မဟုတ်ဘူး၊ ပုသိမ်ကြီးက။ ပြီးခဲ့တဲ့ ၁၀ ရက်နေ့ကလည်း ပုသိမ်ကြီးပြည်သူ့စစ် ၂ ယောက်ကို ဖမ်းမိသေးတယ်” လို့ သူက ပြောပါတယ်။
ဖမ်းဆီးရမိသူ ၃ ဦးဟာ ပုသိမ်ကြီးမြို့နယ် ပြည်သူ့စစ်ဌာနက အဖွဲ့ဝင်တွေဖြစ်ကြပြီး၊ ဖမ်းဆီးစဉ်အတွင်း စစ်အသုံးအဆောင်နဲ့ ဓားရှည်တစ်လက်ကိုပါ သိမ်းဆည်းရမိခဲ့တာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့ကလည်း ပုသိမ်ကြီးမြို့နယ် မြို့အဝင်မှာ ဆိုင်ကယ်တစ်စီးကို ဓားထောက်လုယက်ခဲ့တာကြောင့် ပုသိမ်ကြီးပြည်သူ့စစ်အဖွဲ့က ဦးမျိုးဇင်ထွန်းနဲ့ ဦးနိုင်ဇော်ဦးတို့ကို စစ်အုပ်စု လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရမိခဲ့ပါသေးတယ်။
၂၀၂၃ ခုနှစ်က မန္တလေးတိုင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ဗိုလ်ချုပ်ကြည်ခိုင် တိုင်းမှူးဖြစ်ခဲ့စဉ်က မန္တလေးနန်းတွင်း၊ ကျောက်ဆည်တပ်နယ်နဲ့ ပြင်ဦးလွင်တပ်နယ်တွေမှာ ပြည်သူ့စစ်သင်တန်းတွေ ဖွင့်လှစ်ခဲ့ပြီး တချို့ကို စစ်အုပ်စုက လက်နက်တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
