ထိုင်း-ကရင်နယ်စပ် သေ့ဘောဘိုးကျေးရွာဆေးပေးခန်းမှာ ဆေးဝါးအကူအညီ လိုအပ်နေ
ထိုင်း-ကရင်နယ်စပ်၊ ကရင်ပြည်၊ ရာမတီးမြို့နယ်၊ ဝေါလေမြိုင်မြို့၊ သေ့ဘောဘိုးကျေးရွာက ဒေသခံတွေ၊ စစ်ဘေးရှောင်ပြည်သူတွေအပြင် ရွာအနီးနားက ကျေးရွာတွေက ဒေသခံတွေကိုပါ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ ဆေးပေးခန်းမှာ ဆေးဝါးအကူအညီတွေ အရေးပေါ် လိုအပ်နေပါတယ်။
လက်ရှိဆေးခန်းမှာ ကရင်ကျန်းမာရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Karen Department of Health and Welfare (KDHW) က ဆေးဝါးတွေကို ကူညီပံ့ပိုးပေးနေပေမဲ့လည်း၊ တချို့သော ဆေးဝါးတွေက လောက်ငှမှုမရှိဘဲ အရေးပေါ်အခြေအနေအတွက်သာ ချန်လှပ်ထားရတယ်လို့ သေ့ဘောဘိုးဆေးခန်းက ကျန်းမာရေးတာဝန်ခံ ဆရာလားဝါးဆီက သိရပါတယ်။
“KDHW ကတော့ ထောက်ပံ့ပေးပါတယ်။ ဒါပေမဲ့ တချို့ ဗိုက်အောင့်၊ ဗိုက်နာပျောက်ဆေးတွေဖြစ်တဲ့ Omeprazole အမျိုးအစားတွေက ဈေးကြီးတော့ အများကြီးလည်း မရဘူး။ နောက်ပြီး ငှက်ဖျားဆေးတွေကိုလည်း အရေးပေါ်အတွက် ချန်ထားရတယ်။ ဆေးကလည်း မပေါသလို ဈေးကလည်း ကြီးတာကြောင့် အရေးပေါ်ပဲ ထားရတာပါ။ တကယ်လို့ ဆေးဝါးပြတ်လပ်သွားရင်တော့ ထိုင်းဘက်ကို ပို့ဆောင်ပေးရတာပေါ့” လို့ အဲဒီ ကျန်းမာရေးတာဝန်ခံက ပြောပါတယ်။
လက်ရှိမှာ မိုးဦးကျကာလ ရာသီဖြစ်တာကြောင့် ငှက်ဖျားရောဂါနဲ့ ရာသီတုတ်ကွေးလို ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါဝေဒနာတွေကို ဒေသခံအများစု ခံစားနေကြရတာ ဖြစ်ပါတယ်။
ငှက်ဖျားရောဂါမှာ အဆင့် ၃ ဆင့် ရှိတာဖြစ်ပြီး၊ ဒုတိယအဆင့်ဖြစ်တဲ့ PF ပိုးဟာ တောတောင်ထဲမှာ နေထိုင်တာများတဲ့သူတွေဆီမှာ အတွေ့ရများကာ အချိန်ဆွဲ ကုသလို့မရဘူးလို့ ကျန်းမာရေးတာဝန်ခံက ဆက်လက်ရှင်းပြပါတယ်။
“ငှက်ဖျားအဆင့် ၁ အနေနဲ့ PV ပိုးဖြစ်ရင် ကုသလို့ရတယ်။ လွယ်ကူတယ်ဆိုပေမဲ့ PF ပိုးဖြစ်ပြီဆိုရင်တော့ အကြာကြီး ထားလို့မရပါဘူး။ ၂ ရက် ၃ ရက်လောက်ပဲ ထားရင် ဦးနှောက်ထဲ ပိုးဝင်တတ်လို့ အသက်သေဆုံးစေနိုင်ပါတယ်။ P-Mix ဆိုရင်တော့ စိုးရိမ်ရတဲ့ အခြေအနေထက် ပိုသွားပြီပေါ့နော်။ အဓိက ငှက်ဖျားဖြစ်ပြီဆိုရင် အမြန်ဆုံး ကုသလေ ကောင်းလေပါပဲ။ တီဘီ (TB) ရောဂါက အချိန်ဆွဲလို့ ရပေမဲ့ ငှက်ဖျားကတော့ အချိန်ဆွဲလို့ လုံးဝမရပါဘူး” လို့ သူက ရှင်းပြပါတယ်။
ငှက်ဖျားရောဂါနဲ့ ရာသီတုတ်ကွေး လက္ခဏာတွေဟာ ဆင်တူနေပြီး၊ ကိုယ်ခန္ဓာပူတာနဲ့ ကိုက်ခဲတာတွေ ဖြစ်လာရင် မပေါ့ဆကြဖို့နဲ့ ရောဂါမဖြစ်ပွားရလေအောင် အိပ်စက်ချိန်တွေမှာ အတတ်နိုင်ဆုံး ဆေးခြင်ထောင် ထောင်ပြီး အိပ်ကြဖို့ ကျန်းမာရေးတာဝန်ခံက သတိပေးထားပါတယ်။
ဒါပေမဲ့လည်း သောင်ရင်းမြစ်တစ်လျှောက်မှာ နေထိုင်ကြတဲ့ ဒေသခံတွေဟာ တောင်ယာခုတ်ပြီး အသက်မွေးဝမ်းကျောင်း ပြုကြရသလို၊ လက်ရှိ တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေကလည်း ခြင်ထောင်တွေ ဝယ်ယူဖို့အတွက် အိမ်တိုင်း မတတ်နိုင်ကြတာ ဖြစ်ပါတယ်။
သောင်ရင်းမြစ်ဘေးက စစ်ဘေးရှောင်ပြည်သူတစ်ဦးက “ကျွန်တော်တို့အိမ်ဆို လူ ၇ ယောက်လောက် ရှိတယ်။ အလှူရှင်တွေဆီက ရတဲ့ခြင်ထောင်နဲ့ မလောက်ဘူး။ ဒီလိုပဲ ဆက်နေကြရတာပေါ့။ ငှက်ဖျားဖြစ်ရင်လည်း ဆေးခန်းပဲ သွားရတာပေါ့” လို့ ပြောပါတယ်။
လက်ရှိမှာ တစ်ရက်ကို ဒေသခံပြည်သူ ၅၀ ခန့် ဆေးခန်းလာရောက် ပြသနေတာကြောင့် တချို့သော အခြေခံဆေးဝါးတွေ လိုအပ်နေပြီး၊ အလှူရှင်အဖွဲ့အစည်းတွေဖြစ်စေ၊ တစ်ဦးချင်းစီဖြစ်စေ စေတနာရှင်တွေအနေနဲ့ ဆေးဝါးကူညီ ထောက်ပံ့ပေးကြဖို့ ကျန်းမာရေးတာဝန်ခံက ထပ်လောင်း မေတ္တာရပ်ခံထားပါတယ်။
သေ့ဘောဘိုးကျေးရွာ ဆေးပေးခန်းဟာ မတရားစစ်အာဏာသိမ်းမှုအလွန် ၂၀၂၂ ခုနှစ်ကစတင်ပြီး ဒေသခံတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ အခမဲ့ ပေးအပ်နေတာ ဖြစ်ပါတယ်။
ဓာတ်ပုံ – KDHW
ပုံစာ -KDHW ကျန်းမရေးအဖွဲ့မှသောင်ရင်းမြစ်တစ်လျှောက်ရှိ စစ်ဘေးရှောင်တွေထံ အကူအညီသွားပေးစဥ်မြင်ကွင်း ။ (ပုံဟောင်း)
