လယ်သာအိတ်စက်ရုံက လုပ်ခတိုးတောင်းဆိုမှုမှာ လုပ်ငန်းရှင်ဘက်က ၃၀၀ ကျပ်ပဲ တိုးပေးနိုင်မယ်လို့ တုံ့ပြန်

Author CJ Platform
Categories
Published on Jun 23, 2026

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်က Myanmar Chaofa လယ်သာအိတ်ချုပ်စက်ရုံမှာ လုပ်ခလစာ တိုးမြှင့်ပေးဖို့ တောင်းဆိုနေကြမှုအပေါ် လုပ်ငန်းရှင်ဘက်က တစ်ရက်ကို ဒေးကြေး (နေ့တွက်စရိတ်) ၃၀၀ ကျပ်ပဲ တိုးပေးမယ်လို့ ပြောဆိုလာတဲ့အပေါ် လက်မခံတာကြောင့် ပြေလည်မှုမရဘဲ ဖြစ်နေတယ်လို့ တောင်းဆိုနေကြတဲ့ အလုပ်သမားတွေနဲ့ စောင့်ကြည့်ကူညီပေးနေတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) ဆီက သိရပါတယ်။

 

Myanmar Chaofa အိတ်ချုပ်စက်ရုံ အလုပ်သမားတွေဟာ လက်ရှိပေးနေတဲ့ ဒေးကြေးဖြစ်တဲ့ စက်မြင့်အတွက် ၁၀,၇၀၀ ကျပ်၊ စက်နိမ့်အတွက် ၁၀,၅၀၀ ကျပ်ကနေ ၁၂,၀၀၀ ကျပ် တစ်ပြေးညီ သတ်မှတ်ပေးဖို့နဲ့ အချိန်ပို (OT) ကြေးကို ကျပ် ၁၀,၀၀၀ အထိအဖြစ် ၊ ရက်မှန်ကြေးကို ၂၀,၀၀၀ ကျပ်အဖြစ် ထပ်မံတိုးမြှင့်ပေးဖို့ တောင်းဆိုထားကြတာ ဖြစ်ပါတယ်။

 

ဒါ့အပြင် တောင်းဆိုမှုတွေ ပြုလုပ်နေတဲ့ အလုပ်သမားတွေကို ဖယ်ရီကား၊ အိမ်သာနဲ့ သောက်ရေ ဖြတ်တောက်တာမျိုးတွေ မလုပ်ဆောင်ဖို့ကိုလည်း ထည့်သွင်းတောင်းဆိုထားပါတယ်။

 

အဲဒီလို တောင်းဆိုမှုတွေ ပြုလုပ်နေချိန်မှာ စစ်အုပ်စုရဲ့ မြို့နယ်အလုပ်သမားရုံးက ဦးစီးမှူးတွေ ရောက်ရှိလာခဲ့ပေမဲ့၊ အလုပ်ရှင်ဘက်က အသာစီးရစေဖို့ တစ်ဖက်သတ် ညှိနှိုင်းပေးခဲ့တာကြောင့် ပြေလည်မှုမရရှိခဲ့ဘူးလို့ အလုပ်သမားတစ်ဦးက ဆိုပါတယ်။

 

“ညှိနှိုင်းတာ အဆင်မပြေလို့ ဆက်ပြီး တောင်းဆိုမယ်ဆိုပြီး တိုင်ပင်ထားကြတယ်။ စက်ရုံက ပေးတာက အလုပ်သမားတွေ တောင်းဆိုတာထက် အရမ်းကွာဟနေလို့ အဆင်မပြေတာ” လို့ သူက ပြောပါတယ်။

 

အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး ဒေးကြေးကို ၃၀၀ ကျပ်နဲ့ ရက်မှန်ကြေးကို ၁,၀၀၀ ကျပ်ပဲ တိုးပေးမယ်လို့ စက်ရုံဘက်က ကြေညာထားပြီး၊ တစ်ဖက်မှာလည်း အလုပ် တစ်ရက်ပျက်ရင် ၂၀,၀၀၀ ကျပ်၊ နှစ်ရက်ပျက်ရင် ၄၀,၀၀၀ ကျပ်နဲ့ ခွင့်မဲ့ပျက်ကွက်ရင် ၄၀,၀၀၀ ကျပ်အထိ ဖြတ်တောက်မယ်လို့ ဖော်ပြထားပါတယ်။

 

ဒါ့အပြင် အလုပ်သမားတွေကို လာမယ့် ဇွန်လ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီမတိုင်ခင် အလုပ်ပြန်ဝင်ရင်တော့ တောင်းဆိုမှု ပြုလုပ်ခဲ့တဲ့ရက်တွေရဲ့ ဒေးကြေးနဲ့ ရက်မှန်ကြေးတွေကို ထည့်သွင်းတွက်ချက်ပေးမယ်လို့ စက်ရုံဘက်က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

 

စက်ရုံတာဝန်ရှိသူတွေဟာ မြို့နယ်အလုပ်သမားရုံးက ဦးစီးအရာရှိတွေကို ကားနဲ့ သွားရောက်ခေါ်ဆောင်လာပြီး၊ ညှိနှိုင်းမှုတွေကို သဘောတူ လက်မှတ်ထိုးဖို့အတွက် အတင်းအကျပ် ဖိအားပေး စေခိုင်းခဲ့ပေမဲ့လည်း အလုပ်သမားတွေဘက်က လက်ခံခဲ့ကြခြင်းမရှိဘူးလို့ STUM က အသိပေး ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – STUM