မော်လမြိုင် မင်းရွာအကျဉ်းထောင်မှာ အကျဉ်းသားတွေကို WY ရောင်းချတဲ့ ထောင်ဝန်ထမ်းတစ်ဦး ဖမ်းဆီးခံရ

Author CJ Platform
Categories
Published on Jun 23, 2026

မွန်ပြည်၊ မော်လမြိုင်မြို့နယ်၊ မင်းရွာအကျဉ်းထောင်မှာ အကျဉ်းသားတွေကို WY စိတ်ကြွဆေးပြားတွေ ရောင်းချနေတဲ့ ထောင်ဝန်ထမ်းတစ်ဦးကို ဇွန်လ ၂၂ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

မင်းရွာအကျဉ်းထောင်ထဲမှာ မူးယစ်ဆေးဝါးတွေ ပျံ့နှံ့နေတဲ့ သတင်းတွေကြောင့် အကျဉ်းထောင် တာဝန်ရှိသူတွေဟာ ဝန်ထမ်းတွေကို စစ်ဆေးရာကနေ အကျဉ်းဦးစီးဝန်ထမ်း သန့်ဇင်ကို WY စိတ်ကြွဆေးပြားတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ မင်းရွာဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“အကျဉ်းသားတွေက ညဘက်ဆို မအိပ်ဘူး။ တစ်ခါတစ်လေ ကြောင်တောင်တောင်တွေ လုပ်ကြတယ်။ တစ်ဖြည်းဖြည်း ပိန်လာလို့ ထောင်ဘက်က အကြီးအကဲတွေက စစ်ဆေးတာ၊ WY တွေ သုံးနေတာ သိသွားတယ်။ အကျဉ်းသားအချင်းချင်း မူးယစ်ဆေးဝါးတွေ ဖြန့်နေတယ်ထင်လို့ အကျဉ်းသားတွေကို စစ်ဆေးတာ မတွေ့လို့၊ ဝန်ထမ်းတွေကို ထပ်ပြီး စစ်ဆေးတော့မှ ထောင်ဝန်ထမ်းက မူးယစ်ဆေးဝါးဖြန့်တဲ့သူ ဖြစ်နေတာ။ WY ဘယ်လောက်တောင် မိလဲတော့ မသိဘူး” လို့ သူက ပြောပါတယ်။

 

အချုပ်ထောင်အတွင်း WY ဆေးပြားတွေနဲ့ ဖမ်းမိခဲ့တဲ့ အကျဉ်းဦးစီးဝန်ထမ်း သန့်ဇင်ကို မူးယစ်ဆေးဝါးပုဒ်မနဲ့ အမှုဖွင့်ပြီး ချုပ်နှောင်ထားတယ်လို့ သူက ဆက်ပြောပါတယ်။

 

မော်လမြိုင် မင်းရွာအကျဉ်းထောင်ကို မတရားစစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ တည်ဆောက်ခဲ့တာ ဖြစ်ပြီး၊ ၂၀၂၄ ခုနှစ်မှာ စတင်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

 

မွန်ပြည်အတွင်းမှာ ကျိုက်မရော ဗဟိုအကျဉ်းထောင်၊ မော်လမြိုင် အချုပ်ထောင်၊ သထုံအကျဉ်းထောင်တွေအပြင် အကျဉ်းစခန်းနဲ့ အလုပ်စခန်း ၁၀ ခုထက်မနည်းရှိပြီး၊ နိုင်ငံရေးအကျဉ်းသားတွေကိုတော့ ကျိုက်မရော ဗဟိုအကျဉ်းထောင်နဲ့ သထုံအကျဉ်းထောင်တို့မှာ ထားရှိတာ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – PRO- SAC