ကွမ်းသီး ဈေးနှုန်း မတည်ငြိမ်မှုနဲ့ ဈေးထိုးကျမှုကြောင့် ရခိုင်က ကွမ်းသီးတောင်သူတွေ အခက်တွေ့နေ

Author CJ Platform
Categories
Published on Aug 18, 2026

ရခိုင်ပြည်မှာ ကွမ်းသီး ဈေးကွက်က ပုံမှန် မတည်ငြိမ်ဘဲ ရုတ်တရက် ဈေးနှုန်း ထိုးကျသွားတာကြောင့် ရိတ်သိမ်းစရိတ်နဲ့ စိုက်ပျိုးစရိတ် အမြောက်အမြား စိုက်ထုတ်ထားရတဲ့ ဒေသခံ ကွမ်းသီးစိုက် တောင်သူတွေ အခက်တွေ့နေကြတာ ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့နှစ် ရာသီချိန်တုန်းက ကွမ်းသီး တစ်မောင်း (၂၅ ပိဿာ) ကို ငွေကျပ် ၁၀ သိန်းအထိ မြင့်တက်ခဲ့ပြီး အခုနှစ်မှာလည်း ကျပ် ၇ သိန်းကနေ ၉ သိန်းအထိ ဈေးကောင်း ရရှိခဲ့တာပါ။

 

ဒါပေမဲ့ အခု လက်ရှိမှာတော့ ဈေးကွက်ထဲ ကွမ်းသီး တစ်မောင်းကို ငွေကျပ် ၄ သိန်းခွဲ ဝန်းကျင်အထိ ထက်ဝက်ကျော် ရုတ်တရက် ထိုးကျသွားခဲ့တာ ဖြစ်တယ်လို့ ဒေသခံ တောင်သူတစ်ဦးက ပြောပြပါတယ်။

 

“ဒီနှစ်နဲ့ မနှစ်ကနဲ့ အရမ်း ကွာပါတယ်။ အခု လက်ရှိ ပေါက်ဈေးက ၄ သိန်း ၃ သောင်းလောက်ပဲ ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်က ၁၀ သိန်းကျော်အထိ ဈေးကောင်း ရခဲ့ပါတယ်။ အခုက ကွမ်းသီး ရာသီ မဟုတ်သေးတဲ့အတွက် မနှစ်က ကျန်ခဲ့တဲ့ အဟောင်းတွေပါ” လို့ သူက ပြောပါတယ်။

 

ခုလို ဈေးနှုန်း မတည်ငြိမ်မှုနဲ့ ဈေးထိုးကျမှုတွေကြောင့် ကွမ်းသီးခူးစရိတ်၊ ကွမ်းသီးခွဲစရိတ် စတဲ့ လုပ်သား ငှားရမ်းခနဲ့ ကွမ်းသီးခြံ စိုက်ပျိုးရေး ထိန်းသိမ်း စောင့်ရှောက်စရိတ်တွေမှာ ကြိုတင် စိုက်ထုတ်ထားရတဲ့ အရင်းအနှီး ကြီးမားတဲ့အတွက် နစ်နာကြောင်း မြောက်ဦး ဒေသခံ တောင်သူတစ်ဦးက ဆိုထားတာပါ။

 

ဒါ့ပြင် လက်ရှိမှာ ဒေသအချို့မှာ ကွမ်းသီး အသစ်တွေ စပြီး ခူးနေရပြီ ဖြစ်တဲ့အတွက် လက်ကျန် ကွမ်းသီးတွေကို ရတဲ့ ဈေးနဲ့ ထုတ်ရောင်းနေတဲ့ သူတွေလည်း ရှိနေကြောင်း သိရပါတယ်။

 

“အခုက ကွမ်းသီး အသစ်ပေါ်တဲ့ အခင်းက ပေါ်နေပြီ။ ကွမ်းသီး အသစ်က တော်သလင်း၊ သီတင်းကျွတ်လလောက်ဆိုရင် တစ်ဖြတ် ခူးရမယ်။ မနှစ်က ကျန်တဲ့ ကွမ်းသီးတွေက သီတင်းကျွတ်လလောက်ဆိုရင် အရည်အသွေးက မကောင်းတော့ဘူး။ ဒါကြောင့် ရတဲ့ ဈေးနဲ့ လက်ကျန် ဖြတ်နေကြတဲ့သူတွေ များတယ်” လို့ မင်းပြား ဒေသခံ တောင်သူတစ်ဦးက ပြောပြတာပါ။

 

ရခိုင်ပြည်မှာ ကွမ်းသီး စိုက်ပျိုးရေး လုပ်ငန်းကို မြောက်ဦး၊ မင်းပြား၊ ပေါက်တောနဲ့ ဘူးသီးတောင် မြို့နယ်တွေမှာ အဓိကထား လုပ်ကိုင်ကြပြီး အခြား မြို့နယ်တွေမှာလည်း တစ်နိုင်တစ်ပိုင်အနေနဲ့ စိုက်ပျိုးကြတာလည်း ရှိပါတယ်။

 

 

Related News

Depend on news