ဧည့်စာရင်းတိုင်လို့ ပိုက်ဆံတောင်းရင် အရေးယူမယ်လို့ စစ်အုပ်စုက လွှတ်တော်မှာ ပြော၊ ပြည်သူတွေက လှောင်ရယ်

Author CJ Platform
Categories
Published on Aug 18, 2026

ရှမ်းပြည်အတွင်းရှိ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွေမှာ ဧည့်စာရင်း တိုင်ကြားတဲ့အခါ ငွေကြေး တောင်းခံပါက ငွေကြေး တောင်းခံတဲ့ အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ကို အရေးယူသွားမယ်လို့ စစ်အုပ်စုခန့် နယ်လုံဝန်ကြီးက ပြောပါတယ်။

 

ဒီကနေ့ ပြုလုပ်တဲ့ ရှမ်းပြည် အစည်းအဝေးမှာ နမ့်ခမ်း မဲဆန္ဒနယ်က ဦးသန်းစိုးက “ရပ်ကွက် ကျေးရွာအုပ်စုတွေမှာ စစ်ဘေးရှောင်တွေအတွက် ဧည့်စာရင်း တိုင်ကြားရာမှာ ငွေကြေး တောင်းခံမှုတွေ ရှိတဲ့အတွက် ရှမ်းပြည် အစိုးရအဖွဲ့က မည်သို့ ဆောင်ရွက်ပေးမလဲ” ဆိုပြီး မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

 

“ကျွန်တော်တို့ မြို့နယ်မှာ ဧည့်စာရင်း တိုင်တာနဲ့ ပတ်သက်ပြီး ငွေကြေး မပေးရတဲ့ ရုံးတွေ ရှိသလို တချို့ရုံးတွေက ငွေကြေး ပေးရပါတယ်။ စစ်ရှောင်တွေ ဧည့်စာရင်းတိုင်ရင် တစ်လကို တစ်သောင်း ပေးရပါတယ်။ ကျောင်းသားလေး နှစ်ယောက်ကို ဧည့်စာရင်း တစ်နှစ်စာ ၂ သိန်း လေးသောင်း တောင်းပါတယ်။ စစ်ဘေးရှောင်တွေ များပြားတဲ့ ကျွန်တော်တို့ မြို့နယ်အတွက် ရှမ်းပြည် အစိုးရအနေနဲ့ ဘယ်လို စီမံ ဆောင်ရွက်ပေးဖို့ အစီအစဉ် ရှိ/မရှိ” မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

 

နမ့်ခမ်းမြို့နယ်အတွင်းမှာ စစ်ဘေးရှောင်တွေဟာ ဧည့်စာရင်း တိုင်ကြားရာမှာ ရပ်ကွက်ရုံးတွေက တစ်ဦးကို တစ်ထောင်ကျပ်၊ လူရှိသလောက် အကုန်ပေးရပြီး ရပ်ကွက်နဲ့ ကျေးရွာအလိုက် ဧည့်စာရင်း ပေးရတဲ့ ရက်များ ကွာခြားကြောင်း မြို့ခံတစ်ဦးက CJ Platform ကို ပြောပြပါတယ်။

 

“ဧည့်စာရင်းပေးတဲ့ ရက်တွေ မတူဘူး။ ၁၀ ရက်ပေးတဲ့ ရုံးရှိတယ်၊ ၁၅ ရက်ပေးတဲ့ ရုံးရှိတယ်၊ တစ်လပေးတဲ့ ရုံးရှိတယ်။ တစ်ယောက် တစ်ထောင်၊ ဧည့်စာရင်း စာအုပ်မှာ ၇ ယောက်ရှိရင် ၇,၀၀၀။ တစ်လ တိုင်မလား ရတယ်၊ တစ်ယောက် တစ်သောင်း ပေးရတယ်။ နမ့်ခမ်းမှာ ဧည့်စာရင်းနဲ့ ပတ်သက်ပြီး မပေးရတဲ့ ရုံးမရှိဘူး” လို့ ပြောပါတယ်။

 

ဧည့်စာရင်း တိုင်ကြားတာနဲ့ ပတ်သက်ပြီး အခကြေးငွေ မယူဖို့ ရပ်ကျေး အုပ်ချုပ်ရေး ဥပဒေက ပြဋ္ဌာန်းထားတဲ့အတွက် ငွေကြေး ရယူကြောင်း သက်သေ အထောက်အထားနဲ့ တိုင်ကြားပါက အရေးယူသွားမယ်လို့ နယ်လုံဝန်ကြီးက ပြောပြတာပါ။

 

“ဧည့်စာရင်းတိုင်လို့ ပိုက်ဆံပေးရရင် သက်သေ အထောက်အထားနဲ့ တိုင်ပါ၊ အရေးယူပေးပါတယ်။ ဧည့်စာရင်းတိုင်လို့ ပိုက်ဆံတောင်းတဲ့ အုပ်ချုပ်ရေးအဖွဲ့ မှန်သမျှ အရေးယူမှာပါ” လို့ ဆိုထားတာ ဖြစ်ပါတယ်။

 

စစ်အုပ်စုခန့် ရှမ်းပြည် နယ်လုံဝန်ကြီးက ခုလို ပြောဆိုပေမဲ့ မြန်မာတစ်နိုင်ငံလုံးရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွေမှာ ဧည့်စာရင်းကြေးနဲ့ ပတ်သက်ပြီး ပုံစံမျိုးစုံနဲ့ ငွေကြေး ကောက်ခံနေကြတာ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

Related News

Depend on news